ထိုင်းနိုင်ငံတွင် ကြက်ကင်ရောင်းသူက ရဲတပ်ဖွဲ့ကို တာဝန်ပေါ့လျော့လစ်ဟင်းမှုဖြင့် တရားစွဲဆို

ထိုင်းနိုင်ငံတွင် ကြက်ကင်ရောင်းသူက ရဲတပ်ဖွဲ့ကို တာဝန်ပေါ့လျော့လစ်ဟင်းမှုဖြင့် တရားစွဲဆို
အောက်တိုဘာ 4, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် ကြက်ကင်းရောင်းသည့် ဈေးသည်တစ်ဦးက ၎င်းအား ဘတ် (၁၅.၈) သန်း တန်ဖိုးရှိ ကျောက်မျက်ရတနာများ ခိုးယူခဲ့ကြောင်း မှားယွင်းစွပ်စွဲမှုအတွက် Samut Prakan ပြည်နယ် Bang Sao Thong ရဲတပ်ဖွဲ့ကို အောက်တိုဘာလ (၃) ရက်နေ့တွင် တရားဥပဒေကြောင်းအရ တရားစွဲဆိုရန် အမှုဖွင့်တိုင်ကြားလိုက်ကြောင်း သိရသည်။ 

အဆိုပါ ကြက်ကင်သည်မှာ တရားရင်ဆိုင်နေရစဥ်အတွင်း (၇) လကျော်ကြာ ထိန်းသိမ်းခံခဲ့ရသည်ဟု ဆိုသည်။

အသက် (၅၄) နှစ်အရွယ် Pisith Suwanphim အမည်ရှိ ကြက်ကင်ရောင်းသူက ၎င်း၏အမှုကိစ္စကို ဗဟိုစုံစမ်းစစ်ဆေးရေးဌာန Central Investigation Bureau (CIB) အကြီးအကဲ ရဲဒုတိယဗိုလ်ချုပ်ကြီး Jirabhop Bhuridej ထံ အမှုဖွင့်တိုင်ကြားခဲ့ပြီး Bang Sao Thong ရဲစခန်းကို တာဝန်ပေါ့လျော့လစ်ဟင်းမှုဖြင့် စွပ်စွဲထားသည်။ 

တိုင်ကြားချက်အရ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့က ဘန်ကောက်မြို့၏ Phasi Charoen ခရိုင် Khlong Khwang ဧရိယာရှိ Nisachol Housing Estate အိမ်ရာအတွင်း နေအိမ်တစ်အိမ်မှ စိန်လက်စွပ် (၃) ကွင်းနှင့် (၁၇.၃၄) ကာရက်ရှိ စိန်တစ်လုံး ခိုးယူခံခဲ့ရကြောင်း သိရသည်။

ကျောက်မျက်ရတနာရောင်းဝယ်သူ Boonyarat Rassamisukhanon က စိန်လက်စွပ်များနှင် စိန်တစ်လုံးကို ယခင် ဖုန်းအဆက်အသွယ်ရှိခဲ့သည့် ဝယ်သူတစ်ဦးထံတွင် ပြသရန် ယူဆောင်သွားခဲ့သည်ဟု ဆိုသည်။ 

သို့သော် ဝယ်သူက ထိုစိန်ထည်များကိုလုယူပြီး ခြံဝင်းတံခါးအား အပြင်ဘက်မှ သော့ခတ်ကာ အိမ်မှထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 Boonyarat မှာ ခြံစည်းရိုးကို ကျော်တက်၍ အပြင်ဘက်သို့ ထွက်ခဲ့ရသည်။

ထို့နောက် သူမက Bang Sao Thong ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးမှူး ရဲဗိုလ်ကြီး Sa-ngad Lepol ထံ ထိုဖြစ်ရပ်ကို အမှုဖွင့် တိုင်ကြားခဲ့သည်။ 

ထိုရဲစခန်း၏ စုံစမ်းစစ်ဆေးရေး အကြီးအကဲ ရဲဗိုလ်မှူး Thitiwut Ronkaew ဦးဆောင်သည့် ရဲတပ်ဖွဲ့ အဖွဲ့တစ်ဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ကြသည်။ 

Boonyarat က သူမကိုယ်တိုင်နှင့် Galaxy Diamond စိန်ကုမ္ပဏီကို နစ်နာသူများအဖြစ် ဖော်ပြခဲ့သည်။

စိန်များကို လုယူထွက်ပြေးသွားသူက Boonyarat ထံ ကနဦး ဆက်သွယ်ရာတွင် အသုံးပြုခဲ့သည့် ဖုန်းနံပါတ်မှာ ကြက်ကင်သည် Pisith အမည်ဖြင့် မှတ်ပုံတင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် Bang Sao Thong ရဲစခန်းက ၎င်းကို ဖမ်းဆီးရန် တရားရုံးထံမှ ဖမ်းဝရမ်းရရှိခဲ့သည်။ 

ကြက်ကင်သည် Pisith ၏ ပြောကြားမှုအရ ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ကြက်ကင်ရောင်းနေစဥ် Nakhon Phanom ရဲတပ်ဖွဲ့က ဝရမ်းတစ်ခုနှင့်အတူ ရောက်ရှိလာခဲ့ပြီး Nakhon Ratchasiimas မြို့ Sung Noen ခရိုင်တွင် ဖြစ်ပွားခဲ့သည့် လိမ်လည်မှုတစ်ခုအတွက် ၎င်းကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်းမှာ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းဖြင့် အလိုရှိနေသူဖြစ်နေကြောင်း မသိရှိခဲ့ဟု Pisith က ပြောသည်။ 

လိမ်လည်မှုတွင် နစ်နာသူများက Pisith မှာ တရားခံမဟုတ်ကြောင်း အတည်ပြုခဲ့ကြသော်လည်း  Bang Sao Thong ရဲတပ်ဖွဲ့က ၎င်းကို စိန်ထည်အမှုနှင့် ပတ်သက်သည့် နောက်ထပ် ဖမ်းဝရမ်းတစ်ခုဖြင့် လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။ 

Bang Sao Thong ရဲတပ်ဖွဲ့၏ စွပ်စွဲမှုနှင့်ပတ်သက်၍ ၎င်းမှာ စိန်ထည်များကို ခိုးယူခဲ့သူမဟုတ်ကြောင်း ကြက်ကင်သည် Pisith က ငြင်းဆိုခဲ့သည်။

အမှန်တစ်ကယ် စိန်ထည်များကို ခိုးယူသွားသူက ၎င်း၏ မှတ်ပုံတင်မိတ္တူကို အသုံးပြုပြီး မိုဘိုင်းဖုန်း SIM ကတ် ဝယ်ယူခဲ့ကြောင်းနှင့် ထိုဖုန်းနံပါတ်ဖြင့် ကျောက်မျက်ရတနာရောင်းဝယ်သူ Boonyarat ထံ ဆက်သွယ်ခဲ့ခြင်းသာဖြစ်ကြောင်း Pisith က ရှင်းပြခဲ့သည်။ 

နောက်ပိုင်းတွင် ကြက်ကင်သည် Pisith ကို Thonburi ရာဇဝတ်မှုတရားရုံးတွင် စွဲချက်တင်ခဲ့ကြောင်း သိရသည်။ 

Thonburi Remand အကျဥ်းထောင်တွင် (၇) လနှင့် (၁၀) ရက်ကြာ အချုပ်ကျခဲ့ပြီးနောက် တရားရုံးက Pisith ကို တရားသေလွှတ်ပေးခဲ့သည်။

တရားလိုရှေ့နေများက ထိုအမှုကို အယူခံတရားရုံး Appeal Court သို့ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့တွင် ဦးတိုက်လျှောက်ထားခဲ့သေးသည်။ 

  အယူခံတရားရုံးကလည်း အောက်တရားရုံး၏ Pisith အား တရားသေလွှတ်မှုကို ၂၀၁၈ ခုနှစ် ဩဂုတ်လ (၁၄) ရက်တွင် အတည်ပြုခဲ့သည်။ 

ထို့နောက် ထိုအမှုကို တရားရုံးချုပ်အထိ ဆက်မတက်ခဲ့ရာ ကြက်ကင်သည် Pisith မှာ လွတ်မြောက်သွားခဲ့ပြီး အမှုပိတ်လိုက်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဧပြီလအတွင်းတွင်မူ Pisith က ကျောက်မျက်ရတနာရောင်းဝယ်သူ Boonyarat၊ Galaxy Diamond စိန်ကုမ္ပဏီနှင့် အခြား လူပုဂ္ဂိုလ် (၂) ဦးဖြစ်သည့် Devang Kumar Chewantilal Sangkawi နှင့် Prayom Tansathaporn တို့ကို တရားစွဲဆိုခဲ့သည်။ 

စိန်ထည်ခိုးယူမှုတွင် ၎င်းအား မှားယွင်းစွပ်စွဲမှုအတွက် ကြက်ကင်သည် Pisith က ၎င်းတို့ကို တရားစွဲခဲ့ခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့တွင် Thonburi ရာဇဝတ်မှုတရားရုံးက Boonyarat ကို Pisith အား ခိုးမှုဖြင့် မှားယွင်းစွပ်စွဲမှုအတွက် ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပြီး ကျန်တရားစွဲခံရသူများကိုမူ တရားသေလွှတ်ခဲ့သည်။ 

ကြက်ကင်သည် Pisith မှာ ယခုအမှုတွင် တရားသေလွတ်ခဲ့ပြီး မှားယွင်းစွာ တရားစွဲခံရမှုအတွက် တရားရေးဝန်ကြီးဌာနက လျော်ကြေးငွေ ဘတ် (၂၀၀,၀၀၀) ပေးအပ်ခဲ့သော်လည်း ၎င်း၏ဂုဏ်သိက္ခာနှင့် မိသားစုနာမည်ပျက်ခဲ့ရသည်ဟု ခံစားခဲ့ရကြောင်း ဖွင့်ဟပြောသည်။

ထို့ကြောင့်လည်း Pisith က ၎င်း၏ အမှုကို ကိုင်တွယ်ဖြေရှင်းခဲ့သည့် Bang Sao Thong ရဲတပ်ဖွဲ့ကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ပေးရန် CIB ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 

ကြက်ကင်သည် Pisith က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၅၇) အရ ရဲတပ်ဖွဲ့ကို တာဝန်ပေါ့လျော့လစ်ဟင်းမှုအတွက် တရားစွဲလိုသည်ဟု ဆိုသည်။ 

CIB က Pisith ၏ တိုင်ကြားမှုကို စဥ်းစားပေးမည်ဟု လက်ခံထားကြောင်း သိရသည်။

Source: Bangkok Post