တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် အင်အားအပြင်းထန်ဆုံး ငလျင်လှုပ်ခတ်မှုကြောင့် လူ (၃၀) ကျော် သေဆုံး

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် အင်အားအပြင်းထန်ဆုံး ငလျင်လှုပ်ခတ်မှုကြောင့် လူ (၃၀) ကျော် သေဆုံး
စက်တင်ဘာ 6, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ၂၀၂၂ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့က ရစ်ချ်တာစကေး (၆.၈) အဆင့်ရှိ အင်အားပြင်းထန်သည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ (၃၀) ကျော် သေဆုံးခဲ့ကြောင်း အစိုးရမီဒီယာက ဖော်ပြသည်။ 

စီချွမ်ပြည်နယ်ကို ဗဟိုပြုပြီး ဒေသစံတော်ချိန် မွန်းလွဲ (၁) နာရီက မြေအောက်အနက် (၆) မိုင်တွင် ငလျင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ယခု ငလျင်မှာ စီချွမ်တွင် ၂၀၁၇ ခုနှစ်နောက်ပိုင်း အင်အားအပြင်းထန်ဆုံး ငလျင်ဖြစ်ပြီး ပြည်နယ်မြို့တော် Chengdu မြို့နှင့် အခြား အလှမ်း‌ဝေးသည့် ပြည်နယ်များတွင်လည်းငလျင်လှုပ်မှုကို ခံစားသိရှိခဲ့ကြသည်။ 

ငလျင်ဗဟိုချက်အနီး မြေပြိုမှုများကြောင့် လမ်းမများနှင့် နေအိမ်များ ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး ဒေသတစ်ခုတွင် ဆက်သွယ်ရေးပြတ်တောက်ခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာနက ပြောသည်။

ငလျင်၏ ဗဟိုချက်မှ (၃၁) မိုင် ပတ်လည်အတွင်းရှိ ရေကာတာများနှင့် ရေအားလျှပ်စစ်စက်ရုံများ ပျက်စီးမှုမရှိသော်လည်း စီချွမ်ပြည်နယ်တွင် လူဦးရေ (၄၀,၀၀၀) ခန့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရသည်။ 

ငလျင်၏ ဗဟိုချက်မှာ စီချွမ်ပြည်နယ် Luding မြို့တွင်ဖြစ်ကြောင်း China Earthquake Networks Centre က ပြောသည်။

ထိုမြို့မှာ လူဦးရေ (၂၁) သန်းရှိ ပြည်နယ်မြို့တော် Chengdu မြို့၏ အနောက်တောင်ဘက် မိုင် (၁၄၀) ခန့်အကွာ ဝေးလံသည့် တောင်တန်းများပေါ်တွင် တည်ရှိကြောင်း သိရသည်။ 

လက်ရှိတွင် Chengdu မြို့ကို COVID-19 ထိန်းချုပ်ရေးအတွက် lockdown သတ်မှတ်ထားသည်။ 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ စီချွမ်ပြည်နယ် (Sichuan) တွင် ငလျင်လှုပ်မှုများ ဖြစ်ပေါ်လေ့ရှိပြီး အထူးသဖြင့် တောင်တန်းထူထပ်ရာ အနောက်ပိုင်းတွင်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ (၅) ရက်နေ့ ငလျင်လှုပ်ခတ်မှုကို မိုင်ပေါင်းရာနှင့်ချီ ‌‌ဝေးကွာသည့် Yunnan ၊ Shaanxi နှင့် Guizhou ပြည်နယ်တို့တွင်လည်း ခံစားသိရှိခဲ့ရကြောင်း တရုတ်အစိုးရသတင်းဌာနက ပြောသည်။ 

ငလျင်ဗဟိုချက်မှ (၁၂) မိုင်ကျော်အတွင်း စုစုပေါင်း လူဦးရေ (၃၉,၀၀၀) နှင့် (၆၂) မိုင်အတွင်း လူဦးရေ (၁.၅၅) သန်း နေထိုင်ကြကြောင်း တရုတ်အစိုးရ ရုပ်မြင်သံကြားသတင်းက ဖော်ပြသည်။

စီချွမ်တွင် ယခု ငလျင်မတိုင်မီက အင်အားအပြင်းထန်ဆုံးအဖြစ် ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ရစ်ချ်တာစကေး (၇.၀) ရှိ ငလျင်ကြီးတစ်ခု Aba စီရင်စုတွင် လှုပ်ခတ်ခဲ့ဖူးသည်။ 

စီချွမ်ပြည်နယ်သမိုင်းတစ်လျှောက် အင်အားအပြင်းထန်ဆုံး ငလျင်မှာ ၂၀၀၈ ခုနှစ်က လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး (၈.၀) ရှိ ငလျင်ကြီးဖြစ်ပြီး ထိုငလျင်ကြောင့် လူ (၇၀,၀၀၀) နီးပါး သေဆုံးခဲ့ကာ ပျက်စီးဆုံးရှုံးမှု ကြီးမားစွာ ဖြစ်ပေါ်ခဲ့သည်။

Source: Reuters, BBC

Photo: GETTY IMAGES, AAP, THE ASSOCIATED PRESS,  Reuters,