မြစ်ရေရပ်တန့်နေကာ မိုးများနေသဖြင့် ပဲခူးမြို့ ရေဆက်မြှင့်တက်လာနိုင်

မြစ်ရေရပ်တန့်နေကာ မိုးများနေသဖြင့် ပဲခူးမြို့ ရေဆက်မြှင့်တက်လာနိုင်
အောက်တိုဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ပဲခူးမြို့အတွင်း မြစ်ရေအခြေအနေမှာ ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် ရပ်တန့်နေပြီး မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေဆက်လက်မြင့်တက်နိုင်ကြောင်း ပဲခူးမြို့ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၈)ရက်နေ့ကစတင်ကာ ပဲခူးမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ကုန်းမြင့်ရပ်ကွက်များပါ ရေနစ်မြှုပ်နေသဖြင့် ဒေသခံများမှာ ရွှေမော်ဓောဘုရားပေါ်တက်၍ ရေဘေးရှောင်နေကြရသည်ဟု သိရသည်။

“ဒီနေ့ရေက ရပ်တန့်နေတယ်။ မိုးကလည်းရွာတယ်။ မီးလည်းပြတ်နေတယ်။ ဆက်သွယ်ရေးလိုင်းတွေ တော်တော်များများလည်း မရဘူး။ မြို့လယ်ခေါင်အထိကို ရေက ဒူးခေါင်းလောက်ရှိတယ်။ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ သွားနေတာ။ ကယ်ဆယ်ရေးစခန်းပါ ရေမြှုပ်လို့ ရွှေမော်ဓောဘုရားပေါ် တက်နေရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ရေကြီးခြင်းကြောင့် ပဲခူးမြို့မဈေးအောက်ထပ် နစ်မြှုပ်သွားခဲ့ရပြီး ဈေးအတွင်းရှိ ဆန်အိတ်(၃၀၀၀)ကျော် သိုလှောင်ထားသည့် ဆန်ဂိုဒေါင်လည်း ရေမြှုပ်သွားသဖြင့် ရေပြန်လည်ကျဆင်းပါက ရေဆန်များသာ ဝယ်ယူရရှိနိုင်မည့်အခြေအနေတွင်သာရှိကြောင်း ဒေသခံများကဆိုသည်။ 

ရေကြီးခြင်းကြောင့် ပဲခူးမြို့၏ (၈၀)ရာခိုင်နှုန်း ရေဖုံးလွှမ်းနေပြီး ရွှေမော်ဓောဘုရား၊ ဗိမ္မာန်၊ အင်ဝန်းရပ်ကွက်၊ မွန်စံပြရပ်ကွက်နှင့် မြို့သစ်တစ်ခြမ်းသာ ကျန်ရှိတော့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : ကိုထင်ကျော် - ပဲခူး MFSD ရှာ/ကယ်အဖွဲ့