သုံးနှစ်တာကာလအတွင်း နိုင်ငံအနှံ့ စစ်ဆင်ရေးနှင့် အထူးစစ်ဆင်ရေးများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးပြော

သုံးနှစ်တာကာလအတွင်း နိုင်ငံအနှံ့ စစ်ဆင်ရေးနှင့် အထူးစစ်ဆင်ရေးများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးပြော

သုံးနှစ်တာကာလအတွင် နိုင်ငံအနှံ့ စစ်ဆင်ရေးနှင့် အထူးစစ်ဆင်ရေးများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း (၃)နှစ်ပြည့် ပြည်သူသို့ အစီရင်ခံခြင်း ထုတ်ပြန်ချက်တွင် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး နိုင်ကောင်းရွက်ကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် သုံးနှစ်တာ တော်လှန်ရေးခရီးကို လျှောက်လှမ်းခဲ့ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တိုင်းရင်းသား EAOများ၏ ဒေသတွင် ၂၀၂၁ ခုနှစ် မေလ (၅) ရက်နေ့၌ စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုလည်း ပြည်သူ့စစ် မဟာဗျူဟာကို အကောင်အထည်ဖော်သည့်အနေဖြင့် တစ်ဆက်တည်း ဖွဲ့စည်းခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တပ်ရင်းပေါင်း ၃၃၀နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မြို့နယ်ပေါင်း ၂၅၀တွင် ဖြန့်ကျက်ဖွဲ့စည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စစ်ရေးစီမံချက်အနေဖြင့် မြောက်ပိုင်းအမှတ် (၁) စစ်ဒေသကို C3C အမည်ဖြင့် စစ်ရေးရုံးချုပ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး တောင်ပိုင်း အမှတ် (၂) စစ်ဒေသကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးမှပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ကြားကာလ ပြည်သူ့ဗဟိုအုပ်ချုပ်ရေးကာလအနေဖြင့် ဖွဲ့စည်းနိုင်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မွန်၊ ကရင်နှင့် တနင်္သာရီ စသည့် တိုင်းနှင့်ပြည်နယ်များတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြည်သူ့ရဲတပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ဆင်ရေးလုပ်ငန်းများကို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အထူးစစ်ဆင်ရေးဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေးတွင်လည်း တိုင်းရင်းသား EAOs များနှင့်ပူးပေါင်းပြီး အကောင်အထည်ဖော်နိုင်ခဲ့ကာ ကချင် ၊ ရခိုင် ၊ ချင်း၊ ကယား၊ ကရင်၊ မွန် ၊ တနင်္သာရီနှင့် ပဲခူး စသည့်ဒေသများတွင် နိုင်ငံအနှံ့ စစ်ဆင်ရေးများစွာကို ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။

အထူးစစ်ဆင်ရေးအနေဖြင့် ဒရုန်းစစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် နေပြည်တော်စစ်ရုံးချုပ်နှင့် ဧလာလေယာဉ်ကွင်းကို တိုက်ခိုက်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ကပစစက်ရုံ အမှတ် (၂၁)ကို မစ်ဆိုင်းတပ်ဖွဲ့နှင့် တိုက်ခိုက်နိုင်ခဲ့ကြောင်း သုံးနှစ်တာကာလအတွင်း ပြည်သူသို့ အစီရင်ခံခြင်းအဖြစ် NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

#TachileikNewsAgency