ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာတိုက်ပွဲတွင် KPDF တပ်ဖွဲ့ဝင်များနှင့် အရပ်သားတချို့ ဖမ်းဆီးခံရ

ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာတိုက်ပွဲတွင် KPDF တပ်ဖွဲ့ဝင်များနှင့် အရပ်သားတချို့ ဖမ်းဆီးခံရ
အောက်တိုဘာ 4, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာရှိ ကေတီဗွီတွင် မွေးနေ့ပွဲလုပ်နေသည့် ကချင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)တပ်ဖွဲ့ဝင်တချို့အပါအဝင် ဆိုင်ရှင်နှင့် လုပ်သမားများကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့ မနက်ပိုင်းက ဆိုင်းတောင်ရွာရှိ ကေတီဗွီတွင် မွေးနေ့ပွဲပြုလုပ်နေသည့် KPDF ရဲဘော်တချို့ကို ဒလန်သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဝိုင်းဝန်းဖမ်းဆီးရာကစတင်ကာ နှစ်ဖက်တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး KPDF တပ်ဖွဲ့ဝင်တချို့အပါအဝင် ဆိုင်ရှင်နှင့် အလုပ်သမားများ ဖမ်းဆီးခံထားရသည်ဟု သိရသည်။

“ကေတီဗွီမှာ သတင်းရလို့ သူတို့ဝိုင်းတာပေါ့။ ကေတီဗွီမှာမွေးနေ့ပွဲလုပ်တာကို ဒလန်ပါတာပေါ့။ ဒလန်က သတင်းပေးလို့ ဝင်စီးခံရတာ။ အဖမ်းခံရတာရှိတယ်။”ဟု KPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များက သတင်းရရှိသဖြင့် ကေတီဗွီကို လာရောက်ဝိုင်းခြင်းကြောင့် KPDF တပ်ဖွဲ့ဝင်တချို့ ပိတ်မိနေသဖြင့် သွားရောက်တိုက်ခိုက်ကယ်ထုတ်ခဲ့ရာက တိုက်ပွဲမှာ ညပိုင်းအထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“တိုက်ပွဲကနေ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ကား(၂)စီးနဲ့ လက်နက်ကြီးတစ်လက်ရတယ်။ လက်နက်ကြီးကျည် (၈)လုံးရတယ်။ ဖမ်းခံရတဲ့ KPDF တပ်ဖွဲ့ဝင် ဘယ်နှစ်ယောက်ရယ်လို့တော့ တိတိကျကျမသိရသေးဘူး။ ကျွန်တော်တို့ကြားတာကတော့ ဆိုင်ရှင်တွေကော ဝန်ထမ်းမိန်းကလေးတွေကော ဖမ်းခံထားရတယ်လို့တော့ သိရတယ်။ နောက်ပြီးတော့ ကေတီဗွီရှေ့ဖြတ်လာတဲ့ ဒေသခံတွေကိုလည်း ဖမ်းဆီးပြီးတော့ လက်နက်ကြီးနဲ့လှမ်းပစ်တာ။”ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ရပြီးနောက် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များမှ ဒေသခံများကို ဖမ်းဆီးကာ နေအိမ်များအား ဝင်ရောက်မွှေ‌နှောက်သွားသည်ဟု သိရသည်။

“နေအိမ်(၃)လုံးလောက်ကို ဝင်မွှေသွားတာ ဖုန်းတွေကော၊ ငွေတွေကော အကုန်ယူသွားတယ်။ အိမ်မွှေခံရတဲ့ဒေသခံဆို အကုန်ပါသွားလို့ ငိုတောင်ငိုတယ်။ စိတ်လည်းမကောင်းပါဘူး။ ယောက်ျားလေးမှန်သမျှ လက်ပြန်ကြိုးတုတ်ပြီး ဖမ်းခေါ်သွားတယ်။ KTV ကနေ ထွက်ပြေးလာတဲ့ တစ်ယောက်တော့ စစ်ကောင်စီတပ်က လှမ်းပစ်တာ ဒဏ်ရာရတယ်။”ဟု ဆိုင်းတောင်ရွာဒေသခံတစ်ဦးက Tachileik News Agencyကို ပြောသည်။

တိုက်ပွဲမှာ အနီးကပ်ဖြစ်ပွားခဲ့သဖြင့် စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးသူရှိကာ ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စာသင်ကျောင်းကိုလည်းပိတ်၍ ကလေးများအား ကျောင်းပြန်လွှတ်ပေးခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency