ခင်ဦးမြို့နယ်တွင် နှစ်ရက်အတွင်း နေအိမ်(၃၉)လုံး စစ်ကောင်စီတပ် မီးရှို့သွား

ခင်ဦးမြို့နယ်တွင် နှစ်ရက်အတွင်း နေအိမ်(၃၉)လုံး စစ်ကောင်စီတပ် မီးရှို့သွား

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ၂၀၂၃ခုနှစ် ဇွန်လ(၁)ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ၂၀၂၃ခုနှစ် ဇွန်လ(၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့ နှစ်ရက်အတွင်း သာဂရရွာနှင့် ကံသစ်ရွာတို့မှ နေအိမ် (၃၉)လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။



ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် ဇွန်လ(၁၄)ရက်နေ့တွင် ခင်ဦးမြို့ပေါ်မှ ရေဦး-ခင်ဦးကားလမ်းဘေး မန်းကန်တံတားအနီး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ကံသစ်ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ကာ နေအိမ်(၃၃)လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြသည်ဟု သိရသည်။ စစ်ကောင်စီတပ်မှ ယခုတစ်ကြိမ် ကံသစ်ရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းမှာ (၅)ကြိမ်မြောက် ဖြစ်ကြောင်းလည်း သိရသည်။



ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်က ကံသစ်မှ သာဂရကျေးရွာဘက်သို့လာရာ ကံသစ်ရွာ တံတားအနီး၌ ဒေသကာကွယ်ရေးတပ်များက မိုင်း(၇)တွဲဖြင့်ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်မှ သာဂရကျေးရွာအရောက်တွင်လည်း ကျေးရွာအတွင်းမှ တိုက်မိုင်းများမိ၍ ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သိရသည်။



ယနေ့ ဇွန်လ(၁၅)ရက်နေ့ နံနက်ပိုင်း အရောက်တွင် သာဂရကျေးရွာမှ နေအိမ်(၆)လုံးကို မီးရှို့ဖျက်ဆီးပြီး ရေဦးမြို့ပေါ်သို့ ပြန်သွားကြသည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ယနေ့ ဇွန်လ(၁၅)ရက်နေ့တွင် ဖော်ပြထားသည်။



#TachileikNewsAgency

Photo : ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး