အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်သား ၂ ဦး လက်နက်များနှင့်အတူ CDM ပြုလုပ်ပြီး KNDO ထံပူးပေါင်း

အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်သား ၂ ဦး လက်နက်များနှင့်အတူ CDM ပြုလုပ်ပြီး KNDO ထံပူးပေါင်း
By Tachileik News Agency

ကရင်ပြည်နယ် မြဝတီ-ဝေါ်လေဒေသတလျှောက် ထိုးစစ်ဆင်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်သား (၂) ဦးသည် လက်နက် (၃) လက်ဖြင့်အတူ CDM ပြုလုပ်ကာ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) သို့ ပူးပေါင်းဝင်ရောက်လာကြောင်း ပြည်သူ့ပန်းတိုင်က ယနေ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။ 

စစ်ကောင်စီ စအရ (၉၀၄) အင်ဂျင်နီယာတပ်မှ တ-၃* တပ်သား အောင်အောင်နှင့် ခလရ (၂၇၅) ခြေလျင်တပ်မှ တ-၅* တပ်သား အာကာမင်း တို့နှစ်ဦးသည် အမ်အေ-၁ (၂) လက်၊ အမ်အေ-၃ (၁) လက်၊ ခဲယမ်းကျည် အမြောက်အများနှင့်အတူ ဇူလိုင်လအတွင်း KNDO သို့ ဆက်သွယ် ပူးပေါင်းလာခြင်း ဖြစ်သည်ဟု သိရသည်။ 

စစ်တပ်ရဲ့ လုပ်ရပ်တွေကို မကြိုက်တာကြာခဲ့ပါပြီ။ စစ်တပ်အကြီးအကဲတွေဟာ သူတို့ အာဏာ၊ အကျိုးစီးပွားအတွက် ကျွန်တော်တို့ကို အသုံးချ ချနင်းနေတယ်။  ပြည်သူတွေကို သတ်ဖြတ်တယ်၊ ကျေးရွာတွေကို မီးရှို့တယ် ဆိုကတည်းက စစ်သားယူနီဖောင်းဝတ်ထားတဲ့ မိမိကိုယ်မိမိ လိပ်ပြာမလုံခဲ့ပါဘူး။

ဟု CDM စစ်သားက ပြောသည်။

၎င်းတို့အနေဖြင့် အကြိမ်ကြိမ် CDM လုပ်ရန် ကြိုးစားခဲ့သော်လည်း မိသားစုတွေအတွက် စိုးရိမ်ပူနေရခြင်း၊ အခွင့်အရေးမသာခဲ့ခြင်း၊ မည်ကဲ့သို့ချိတ်ဆက်ဆောင်ရွက်ရမည်ကို မသိခြင်းတို့ကြောင့် CDM လုပ်ရန် နှောင့်နှေးခဲ့ရကြောင်း သိရသည်။

"အခုလည်း မိသားစုကို စွန့်ပစ်ပြီး ဒီတော်လှန်ရေးကို ပြီးမြောက်အောင် ပြည်သူဘက်က ဝိုင်းဝန်းပူးပေါင်း ရပ်တည်မယ်လို့ စိတ်ပိုင်းဖြတ်မှုနဲ့ CDM လုပ်ခဲ့တာပါ။ မိသားစုနဲ့ မတွေ့ဆုံခဲ့ရတာလည်း အာဏာမသိမ်းခင်ကတည်းကပါပဲ။ ကျွန်တော်တိုရဲ့ ဆုံး ဖြတ်ချက်တွေကို သူတို့ကိုလည်း အသိမပေးဘူး။"ဟု CDM စစ်သားက ပြောသည်။

လက်နက်များနှင့်အတူ CDM ဝင်ရောက် ပူးပေါင်းလာသည့် တပ်သား (၂) ဦးအား KNDO မှ နွေးထွေးစွာ ကြိုဆို ဂုဏ်ပြုခဲ့ကာ NUG အစိုးရက ထောက်ပံ့ပေးသည့် ဂုဏ်ပြုငွေများအား ချီးမြင့်ပေးခဲ့ကြောင်း သိရသည်။