ထိုင်းနိုင်ငံတွင် မက်ဆီလောင်းကစားကွန်ရက် ခေါ် အလွန်ကြီးမားသည့် အွန်လိုင်းဂိမ်းလောင်းကစားလုပ်ငန်း ကွန်ရက်ကို ဖော်ထုတ် ဖမ်းဆီး

ထိုင်းနိုင်ငံတွင် မက်ဆီလောင်းကစားကွန်ရက် ခေါ် အလွန်ကြီးမားသည့် အွန်လိုင်းဂိမ်းလောင်းကစားလုပ်ငန်း ကွန်ရက်ကို ဖော်ထုတ် ဖမ်းဆီး
ဒီဇင်ဘာ 16, 2022 | နိုင်ငံတကာသတင်း

 ထိုင်းနိုင်ငံတွင် လောင်းကစားငွေပမာဏ ဘတ်ငွေ (၁.၂) ဘီလီယံခန့်ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များ လုပ်ကိုင်နေသူ (၃၁) ဦးကို ရဲတပ်ဖွဲ့က ဘန်ကောက်နှင့် ချန်သာဘူရီရှိ နေရာများကို စီးနင်းမှုအတွင်း ဖမ်းမိခဲ့ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံ၏ ဆိုက်ဘာရဲတပ်ဖွဲ့ Police Cyber Taskforce (PCT) နှင့် မြို့တော်ရဲဌာနမှ အဖွဲ့များက ဘန်ကောက်ရှိ နေရာ (၂) ခုနှင့် ချန်သာဘူရီရှိ နေရာ (၆) ခုကို စီးနင်းခဲ့ကြခြင်း ဖြစ်သည်။

ဖမ်းဆီးခဲ့သူ (၃၁) ဦးက မက်ဆီလောင်းကစားကွန်ရက်ဟု ခေါ်ကြသည့် လောင်းကစားကွန်ရက်နှင့် ဆက်နွယ်နေကြောင်း သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့က ထိုနေရာများကို ဝင်ရောက်စီးနင်းခဲ့ကြောင်း Police TV က ပြောသည်။ 

ဘန်ကောက်မြို့ရှိ Bang Khen ခရိုင်နှင့် ချန်သာဘူရီမြို့ရှိ Muang ခရိုင်တွင် စီးနင်းမှုများအတွင်း အမျိုးသား (၂၂) ဦးနှင့် အမျိုးသမီး (၉) ဦး စုစုပေါင်း (၃၁) ဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးမှူးများ၏ အဆိုအရ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သူများမှာ Messi1688, Messibet168, Messinow, PD747, MGM747, Ambgold, slotxo44, luckycat777, jokercat44, Joinslot777, Slothitz, 24supergame, Cupid789, Siamslot88, Jokerxoth, 365superslot, slotxoth, Megawin, Partygclub နှင့် Pgslot အမည်ရှိ တရားမဝင် လောင်းကစားဝက်ဘ်ဆိုက် (၂၀) ခုကို လုပ်ကိုင်နေကြကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ စီးနင်းမှုအတွင်း ကွန်ပျူတာ အလုံး (၅၀)၊ ဘဏ်စာအုပ် (၂၀) အုပ်နှင့် ကားသုံးစီးကို သက်သေခံပစ္စည်းများအဖြစ် သိမ်းဆည်းရမိခဲ့သည်။ 

ထို့အပြင် ငွေသား ဘတ် သန်း (၇၀) ခန့်ကိုလည်း အဆိုပါ အွန်လိုင်းလောင်းကစားကွန်ရက်ထံမှ သိမ်းဆည်းရမိခဲ့ကြောင်းနှင့် အဖမ်းခံရသူများ၏ ထွက်ဆိုချက်အရ လောင်းကစားဝက်ဘ်ဆိုက်များတွင် လည်ပတ်နေသည့် ငွေပမာဏမှာ ဘတ် (၁.၂) ဘီလီယံခလန့်အထိဖြစ်ကြောင်း သိရသည်။

ဆက်လက် စုံစမ်းစစ်ဆေးမှုအရ အဓိက လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူများနှင့် လောင်ကစားကွန်ရက်တွင် ပါဝင်နေသည့် အခြားသူများကို ဖော်ထုတ်သိရှိထားကြောင်း စီးနင်းမှုများကို ကြီးကြပ်ကွပ်ကဲခဲ့သူ ရဲဗိုလ်ချုပ် Theeradej Thamsuthee က ပြောသည်။ 

အနည်းဆုံး ဖမ်းဝရမ်း (၂၀) ခု ထုတ်ထားကြောင်းလည်း ၎င်းက ဆိုသည်။ 

ရဲတပ်ဖွဲ့က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး လောင်းကစားကွန်ရက်တွင် ပါဝင်နေသူများ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် လုပ်ဆောင်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အွန်လိုင်းဂိမ်းလုပ်ငန်းများကို နိမ်နှင်းနေသည့်အတွက် အွန်လိုင်းဂိမ်းလုပ်ငန်းများကို ဒေသတွင်း စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့က တရာမဝင် ငွေကြေးများရယူကာ ခွင့်ပြုပေးနေသည့်  မြန်မာ - ထိုင်း နယ်စပ်ဒေသ မြန်မာနိုင်ငံ မြဝတီမြို့ နှင့် တာချီလိတ်မြို့တို့တွင် ထိုင်းနှင့်တရုတ်တို့မှာ အွန်လိုင်းဂိမ်းများကို တိုးချဲ့လုပ်ကိုင်နေလျက်ရှိကြသည်။

မြန်မာနိုင်ငံတွင် အွန်လိုင်းဂိမ်းလောင်းကစား လုပ်ငန်းများ အဆမတန်တိုးပွားလာနေပြီး အဓိက အားဖြင့် နယ်စပ်ဒေသ တာချီလိတ်မြို့ နှင့် မြဝတီမြို့များတွင် အခြေပြုကာ တိုက်ခန်းနှင့်ဟိုတယ်များ ငှားရမ်းပြီး  စစ်တိုင်းမှူး၊ စရဖ၊ တပ်နယ် နှင့် ရဲတပ်ဖွဲ့တို့ကို လစဉ် တရားမဝင်မငွေကြေးများ ပေးကာ လုပ်ကိုင်ခွင့်ရကြသည်ဟု ထိုင်းမီဒီယာများတွင် ဖော်ပြထားရှိသည်။

 

Source: Bangkok Post