ယူကရိန်းတွင် ရုရှားစစ်သားများ၏ မုဒိမ်းကျင့်မှုနှင့် ရက်စက်ကြမ်းကြုတ်မှု သတင်းများ ပိုမို ထွက်ပေါ်လာ

ယူကရိန်းတွင် ရုရှားစစ်သားများ၏ မုဒိမ်းကျင့်မှုနှင့် ရက်စက်ကြမ်းကြုတ်မှု သတင်းများ ပိုမို ထွက်ပေါ်လာ
By Mr John

ယူကရိန်းမြို့တော် ကိဗ်မြို့ အနီးတဝိုက် နယ်မြေတွေကနေ ရုရှားတပ်ဖွဲ့များ ပြန်ဆုတ်ခွာသွားခဲ့ပြီးနောက်ပိုင်း အရပ်သားများကို သတ်ဖြတ်မှုနှင့် အမျိုးသမီးများကို မုဒိမ်းကျင့်မှု အပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲချက်များ ပိုမိုထွက်ပေါ်လာနေသည်ဟု ဆိုသည်။

ရုရှားကတော့ ထိုစွပ်စွဲချက်များကို ပယ်ချခဲ့ပြီး ယူကရိန်းနှင့် အနောက်အုပ်စုက ရန်စနေခြင်းဖြစ်ကြောင်းနှင့် ယူကရိန်းတပ်ဖွဲ့တွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလုပ်ခဲ့ကြောင်းလည်း စွပ်စွဲခဲ့သည်။

ကိဗ်မြို့ဝန်းကျင်မှ နယ်မြေများတွင် ရုရှားစစ်သားတွေက အမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့ကြောင်း မုဒိမ်းကျင့်ခံရသူ အမျိုးသမီးတစ်ဦး၏ ထုတ်ဖော်ပြောဆိုမှုကို BBC သတင်းဌာနက ကြားသိခဲ့ရပြီး သက်သေအထောက်အထား တွေ့ခဲ့ရသည်။ ကိဗ်မြို့တော်အနောက်ဘက် (၄၅) မိုင်အကွာရှိ တိတ်ဆိတ်သည့် ကျေးလက်ဒေသတစ်ခုတွင် BBC က အသက် (၅၀) နှစ်အရွယ် အမျိုးသမီး အန်နာနှင့် စကားပြောခွင့်ရခဲ့သည်။

ထိုအမျိုးသမီး မည်သူဖြစ်ကြောင်း မသိနိုင်စေရန် ၎င်း၏ အမည်ကို BBC က အမည်လွှဲသုံးထားသည်။ ပြီးခဲ့သည့် မတ်လ (၇) ရက်နေ့တွင် ၎င်းနှင့် ခင်ပွန်းဖြစ်သူတို့ နေအိမ်မှာရှိနေစဥ် နိုင်ငံခြားသားစစ်သားတစ်ဦး ဝင်ရောက်လာခဲ့သည်ဟု အန်နာကပြောသည်။

"သူက ကျွန်မကို သေနတ်နဲ့ချိန်ပြီး အနီးအနားက အိမ်တစ်အိမ်ကိုခေါ်သွားတယ်။ သူက ကျွန်မကို အဝတ်တွေချွတ်ဖို့ပြောပြီး မချွတ်ရင် သေနတ်နဲ့ပစ်မယ်လို့ ပြောတယ်။ သူပြောသလို မလုပ်ရင် ကျွန်မကိုသတ်မယ်လို့ ဆက်တိုက် ခြိမ်းခြောက်နေခဲ့တယ်။ ပြီးတော့ ကျွန်မကို မုဒိမ်းကျင့်တယ်" ဟု အန်နာက ၎င်းကြုံခဲ့ရမှုကို ပြန်ပြောပြသည်။



၎င်းကို သေနတ်ထောက် မုဒိမ်းကျင့်ခဲ့သူက ရုရှားနှင့်မဟာမိတ်ပြုထားသည့် ချေချင်းတိုက်ခိုက်ရေးသမားဖြစ်ပြီး ပိန်ပိန်ပါးပါးနှင့် ငယ်ရွယ်သူဟု ဆိုသည်။

"သူက ကျွန်မကို မုဒိမ်းကျင့်နေတုန်း နောက်ထပ် စစ်သား(၄)ယောက် ဝင်လာခဲ့တယ်။ သူတို့က သူ့ကို ဆွဲခေါ်သွားခဲ့ကြတယ်။ ကျွန်မ သူ့ကို နောက်ထပ် လုံးဝမတွေ့တော့ဘူး" ဟု အန်နာက ပြောသည်။

ထို့နောက် အန်နာက ၎င်းတို့၏ နေအိမ်ကိုပြန်လာခဲ့ပြီး ခင်ပွန်းဖြစ်သူကို ရှာဖွေခဲ့ရာ ဝမ်းဗိုက်တွင် သေနတ်ပစ်ခံထားရကြောင်း တွေ့ခဲ့ရသည်။

"သူက ကျွန်မကိုကယ်ဖို့ နောက်ကနေ ပြေးလိုက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သေနတ်ကျည်ထိမှန်သွားခဲ့တယ်" ဟု အန်နာက ဆက်လက် ပြောသည်။

၎င်းတို့နှစ်ဦး အိမ်နီးချင်းတစ်ဦး၏ နေအိမ်တွင် ပုန်းခိုနေခဲ့ရသည်ဟု ဆိုသည်။ တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် သေနတ်ဒဏ်ရာရထားသည့် အန်နာ၏ ခင်ပွန်းကို ဆေးရုံ မပို့နိုင်ခဲ့ကြဘဲ နှစ်ရက်အကြာတွင် ထိုသေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အန်နာက ၎င်း၏အဖြစ်ကို ပြန်ပြောပြနေစဥ် တစ်ချိန်လုံး ငိုနေခဲ့သည်ဟု BBC က ဖော်ပြသည်။

ခင်ပွန်းဖြစ်သူ၏ အလောင်းကို နေအိမ်နောက်ဖေးတွင် မြှုပ်ထားပုံ

ခင်ပွန်း၏ အလောင်းကို နေအိမ်အနောက်ဖက် မြေကွက်လပ်တွင် ၎င်းနှင့် အိမ်နီးချင်းများက မြှုပ်နှံထားခဲ့ကြပြီး ထိုမြေပုံနေရာကိုလည်း အန်နာက လိုက်လံပြသခဲ့သည်။ ထိုဖြစ်ရပ်ဆိုးကြီး ကြုံတွေ့ရပြီးနောက် ယခုအခါ အန်နာက ဒေသတွင်း ဆေးရုံတစ်ရုံနှင့် ဆက်သွယ်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ကူညီပေးမှု ခံယူနေကြောင်း သိရသည်။

မုဒိမ်းကျင့်ခံခဲ့ရစဥ် ၎င်းကိုကယ်ခဲ့သည့် စစ်သားတွေက နေအိမ်တွင် ရက်အနည်းကြာ နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။ ထိုစစ်သားတွေက ၎င်းကို သေနတ်ဖြင့်ထောက်ပြီး ခင်ပွန်းဖြစ်သူ၏ ပိုင်ဆိုင်မှုတွေကိုပေးရန် တောင်းခဲ့ကြကြောင်းလည်း အန်နာက ပြောသည်။

"သူတို့ ပြန်သွားတော့ မူးယစ်ဆေးတွေနဲ့ ဗိုင်ယာဂရာဆေး တွေ့ခဲ့တယ်။ သူတို့ ဆေးကွဲနေခဲ့ပြီး မကြာခဏ မူးနေကြတာ။ သူတို့ထဲက အများစုက လူသတ်သမားတွေ၊ မုဒိမ်းကောင်တွေနဲ့ လုယက်သူတွေပဲ။ သူတို့ထဲက အနည်းငယ်လောက်ပဲ အဆင်ပြေတယ်" ဟု အန်က ဖွင့်ဟခဲ့သည်။

အန်နာ၏ နေအိမ်ကနေ မဝေးလှသည့် နေရာတွင်လည်း အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခံရသည့်အကြောင်း BBC က ကြားသိခဲ့ရသည်။

အိမ်နီးနားချင်းများ၏ အဆိုအရ ထိုအမျိုးသမီးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူဟာ အန်နာ့ကို မုဒိမ်းကျင့်ခဲ့သူပင်ဖြစ်ပြီး အန်နာ၏ နေအိမ်ကိုမသွားမီ ထိုဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မုဒိမ်းကျင့်ပြီး အသတ်ခံရသည့် အမျိုးသမီးမှာ အသက် (၄၀) ကျော်အရွယ်ဖြစ်ကြောင်း အိမ်နီးနားချင်းတွေက ဆိုသည်။

ထိုကဲ့သို့သော ဖြစ်ရပ်အများအပြားကို မှတ်တမ်းရယူနေကြောင်း ယူကရိန်းနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အရာရှိ Lyudmyla Denisova က ဆိုသည်။

"ရုရှားတပ်ဖွဲ့တွေ ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့ ဘူချာမြို့ နေအိမ်တစ်လုံးရဲ့ မြေအောက်ထပ်မှာ အသက် (၁၄) နှစ်ကနေ (၂၄)နှစ်အရွယ် မိန်းကလေးနဲ့ အမျိုးသမီး (၂၅)ယောက် စနစ်တကျ မုဒိမ်းကျင့်ခံခဲ့ကြရတယ်။ သူတို့ထဲက (၉)ဦးက ကိုယ်ဝန်ဆောင်တွေပါ" ဟု ၎င်းက ပြောသည်။

သီးခြားသတင်းတစ်ရပ်အရ ရုရှားတပ်ဖွဲ့တွေက မာရီယူပိုးမြို့ကို တိုက်ခိုက်မှုအတွင်း ဓာတုလက်နက်အသုံးပြုခဲ့ကြောင်း သတင်းများကို ယူကရိန်း၊ အမေရိကန်နှင့် ဗြိတိန်က စစ်ဆေးနေကြောင်းလည်း သိရသည်။



Source: BBC

ဆက်စပ်သတင်း

ရုရှားတပ်တွေ ပြန်ထွက်သွားသည့် ယူကရိန်းမြို့တစ်မြို့မှာ အရပ်သား ရုပ်အလောင်းများ ထိတ်လန့်တုန်လှုပ်ဖွယ် တွေ့ရှိရ