အိမ်မွေးခွေးနှင့် ကြောင်လေးများ ဝတ်ဆင်ထားနိုင်သည့်  ပန်ကာပါတဲ့ အင်္ကျီ

အိမ်မွေးခွေးနှင့် ကြောင်လေးများ ဝတ်ဆင်ထားနိုင်သည့်  ပန်ကာပါတဲ့ အင်္ကျီ
By Mr John

 

တိုကျိုမြို့မှ အဝတ်အထည်ထုတ်လုပ်သူတစ်ဦးက တိရိစ္ဆာန်ဆေးကုဆရာဝန်များနှင့် အတူပူးပေါင်းပြီး အိမ်မွေးတိရိစ္ဆာန်လေးများအတွက် ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားနိုင်သော ပန်ကာတစ်ခုကို တီထွင်ဖန်တီးလိုက်သည်။

 ဂျပန်နိုင်ငံ၏ နွေရာသီကာလတွင် ၎င်းတို့၏ ခွေး သို့မဟုတ် ကြောင်လေးများ အပူဒဏ်သက်သာစေရန် အိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်များက အကြိုက်တွေ့ကြလိမ့်မည်ဟု မျှော်လင့်ထားသည်။

အဆိုပါ ဆန်းသစ်သည့် ကိရိယာတွင် ဓာတ်ခဲဖြင့်အသုံးပြုရသော အလေးချိန် (၃) အောင်စရှိ ပန်ကာတစ်ခုကို ဇာကွက် တိရိစ္ဆာန်ဝတ်အင်္ကျီနှင့် တွဲထားပြီး တိရိစ္ဆာန်၏ ခန္ဓာကိုယ်ပတ်လည်ကို လေမှုတ်ပေးခြင်းဖြင့် အပူဒဏ်သက်သာစေရန် ဖန်တီးထားသည်။ 

 

 

"ဒီနှစ်က မိုးရာသီ မရှိသလောက်ပဲ။ ဒါကြောင့် ပူလောင်တဲ့နေ့တွေ စောပြီးရောက်လာတယ်။ ဒီအခြေအနေမှာ ဈေးကွက်အတွက် သင့်တော်မယ့် ထုတ်ကုန်တစ်ခု ဖန်တီးခဲ့တယ်လို့ ကျမ ထင်ပါတယ်" ဟု Rei Uzawa က ပြောသည်။ 

တိုကျိုတွင် ဇွန်လနှောင်းပိုင်း၌ မိုးရာသီကုန်ဆုံးသွားခဲ့ပြီးနောက် စံချိန်တင် အရှည်ကြာဆုံး အပူလှိုင်းဒဏ်ကို ခံစားခဲ့ကြရပြီး အပူချိန်များ (၃၅) ဒီဂရီဆဲလ်စီးယပ်အထိ (၉) ရက်ကြာ မြင့်တက်နေခဲ့ကြောင်း သိရသည်။

"ခွေးလေးကို အေးနေအောင်လို့ ရေခဲခြောက်အိတ်လေးတွေ သုံးလေ့ရှိတယ်။ ဒါပေမဲ့ ဒီပန်ကာလေးရှိရင် ခွေးလေးက လမ်းလျှောက်ရတာ ပိုအဆင်ပြေ လွယ်ကူတယ်လို့ ထင်ပါတယ်" ဟု Pudding အမည်ရှိ miniature poodle အမျိုးအစားနှင့် Maco အမည်ရှိ terrier အမျိုးအစား ခွေးလေးနှစ်ကောင်၏ ပိုင်ရှင်ဖြစ်သူ အသက် (၄၈) နှစ်အရွယ် Mami Kumamoto က ပြောသည်။

အိမ်မွေးခွေးနှင့် ကြောင်လေးများတွင် ဝတ်ဆင်ထားနိုင်သော ပန်ကာကို ဇူလိုင်လ အစောပိုင်းတွင် စတင်မိတ်ဆက်ခဲ့ပြီး အရေအတွက် (၁၀၀) အော်ဒါလက်ခံရရှိထားကြောင်း Sweet Mommy ဥက္ကဌ Rei Uzawa က ဆိုသည်။ 

ထိုပန်ကာများကို အရွယ်အစား (၅) မျိုး ထုတ်လုပ်ထားပြီး ဈေးနှုန်းမှာတစ်ခုလျှင် ဂျပန်ယန်းငွေ (၉,၉၀၀) (မြန်မာကျပ်ငွေ ၁၄၀,၀၀၀ နီးပါး) ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Source: Reuters

Photo:  REUTERS/Issei Kato