ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီ၏ ခေါင်းဆောင်က (၈) ပါတီ ညွန့်ပေါင်းအစိုးရဖွဲ့မည့် အစီအစဥ်ကို ကြေညာ

Photo: AP /Sakchai Lalit
Photo: AP /Sakchai Lalit
ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီ၏ ခေါင်းဆောင်က (၈) ပါတီ ညွန့်ပေါင်းအစိုးရဖွဲ့မည့် အစီအစဥ်ကို ကြေညာ
By Mr John

 ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံးဖြင့် အနိုင်ရခဲ့သည့် Move Forward ပါတီ၏ ခေါင်းဆောင် Pita Limjaroenrat က နိုင်ငံရေးပါတီ (၈) ခု၏ လွှတ်တော်အမတ် (၃၁၃) ဦးထံမှ ထောက်ခံမှုနှင့်အတူ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံသွားပြီး ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းမည့် အစီအစဥ်ကို ယနေ့ ၂၀၂၃ခုနှစ် မေလ (၁၈) ရက်နေ့တွင် ကြေညာလိုက်သည်။

ညွန့်ပေါင်းအစိုးရအဖွဲ့တွင် Move Forward ပါတီအပြင် အခြား မဟာမိတ်ပါတီများဖြစ်သည့် Pheu Thai ၊ Prachachat ၊ Thai Sang Thai, Seri Ruam Thai (Thai Liberal) ၊ Fair ၊ Plung Sungkom Mai (New Force) နှင့် Pheu Thai Rumphlang တို့ ပူးပေါင်းပါဝင်ကြမည် ဖြစ်သည်။ ဘန်ကောက်မြို့ရှိ Okura Prestige Bangkok ဟိုတယ်တွင် ညွန့်ပေါင်းအစိုးရဖွဲ့မည့် အစီအစဥ်ကို ကြေညာခဲ့ရာ Pita နှင့် မဟာမိတ်ပါတီ (၇) ခုမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

"ပြည်သူလူထု ပေးခဲ့တဲ့ မဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ သူတို့က မျှော်လင့်ချက်နဲ့ အပြောင်းအလဲအတွက် ဆန္ဒကို ကိုယ်စားပြုပါတယ်။ အစိုးရသစ်က ရိုးသားစွာ လုပ်ကိုင်သွားမှာဖြစ်ပြီး ထိုင်းပြည်သူအားလုံးရဲ့ အစိုးရဖြစ်လာပါမယ်" ဟု Pita က ပြောခဲ့သည်။ 

Move Forward ပါတီက အောက်လွှတ်တော် (House of Representatives) တွင် အမတ်နေရာအများဆုံးဖြင့် အနိုင်ရမှုကြောင့် မဟာမိတ်ပါတီ အားလုံးက Pita ကို ဝန်ကြီးချုပ်သစ်အဖြစ် ထောက်ခံသွားရန် သဘောတူညီထားကြောင်း ၎င်းကဆိုသည်။

ပါတီ (၈) ခုက အစိုးရဖွဲ့ရန် နားလည်မှုစာချွန်လွှာ Memorandum of understanding (MoU) တစ်ခု ပြုလုပ်သွားမည်ဟု Pita က ပြောသည်။ ထိုစာချွန်လွှာတွင် ပါတီများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတော်ဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းမှုတို့အတွက် လမ်းညွှန်ချက်များ ပါဝင်မည်ဟု ဆိုသည်။

MoU နှင့် ပတ်သက်သည့် အသေးစိတ်များကို မေလ (၂၂) ရက်နေ့တွင် ကြေညာသွားမည်ဖြစ်ပြီး ထိုရက်မှာ ၂၀၁၄ ခုနှစ် မေလ (၂၂) ရက်နေ့ စစ်တပ်အာဏာသိမ်းမှု (၉) နှစ်ပြည့်လည်းဖြစ်ကြောင်း သိရသည်။ 

ယခုအခါ ယာယီအစိုးရထံမှ အစိုးရသစ်သို့ အာဏာလွှဲပြောင်းမှု အဆင်ပြေချောမွေ့စေရန် ညွန့်ပေါင်းအစိုးရတွင် ပါဝင်သည့် ပါတီများက လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းထားသည်။ ထိုလုပ်ငန်းအဖွဲ့က အခြားပါတီများ ညွန့်ပေါင်းအဖွဲ့တွင် ပူးပေါင်းပါဝင်လာနိုင်မှုကိုလည်း စဥ်းစားသွားမည်ဟု ဆိုသည်။

အောက်လွှတ်တော်တွင် ညွန်ပေါင်းပါတီအုပ်စုက အမတ်နေရာ (၃၁၃) နေရာရှိထားခြင်းက အစိုးရသစ်ဖွဲ့ရန် လုံလောက်လိမ့်မည်ဟု Pita က ပြောသည်။ လွှတ်တော်က ၎င်းကို ထိုင်းနိုင်ငံ၏ (၃၀) ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်မည်ဟု Pita က ယုံကြည်ချက်ရှိထားသည်။ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရရန်အတွက် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် (Senate) မှ အနည်းဆုံး အမတ် (၃၇၆) ဦး၏ ထောက်ခံမှုလိုအပ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အောက်လွှတ်တော်အမတ် (၅၀၀) အပြင် အထက်လွှတ်တော်အမတ် (၂၅၀) ကလည်း ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်မှုတွင် မဲပေးပိုင်ခွင့်ရှိသည်။ 

မေလ (၁၈) ရက် သတင်းစာရှင်းလင်းပွဲတွင် ဘုရင်စနစ်ကို စော်ကားမှုဆိုင်ရာ ဥပဒေဟုလည်း သိထားကြသည့် ရာဇဝတ်ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၁၂) ကို ပြင်ဆင်မှုနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် Pita က ငြင်းဆန်ခဲ့သည်။ 

Move Forward ပါတီက ထိုဥပဒေပုဒ်မကို ပြင်ဆင်ရန် နှစ်များအကြာ တောင်းဆိုထားခဲ့သည်။

Source: Bangkok Post