မြောက်ကိုရီးယား၏ COVID-19 အခြေအနေမှာ ပိုကောင်းလာခြင်း မဟုတ်ဘဲ ပိုဆိုးလာတာဖြစ်နိုင်ကြောင်း WHO ပြော

မြောက်ကိုရီးယား၏ COVID-19 အခြေအနေမှာ ပိုကောင်းလာခြင်း မဟုတ်ဘဲ ပိုဆိုးလာတာဖြစ်နိုင်ကြောင်း WHO ပြော
By Mr John

မြောက်ကိုရီးယားအစိုးရ၏ နိုင်ငံအတွင်း COVID-19 ကူးစက်ဖြစ်ပွားမှု တိုက်ဖျက်ရေးတွင် တိုးတက်မှုရှိကြောင်း ပြောဆိုမှုအပေါ် သံသယဖြစ်မိကြောင်းနှင့် အခြေအနေမှာ ပိုကောင်းလာခြင်း မဟုတ်ဘဲ ပိုဆိုးလာနေတာဖြစ်နိုင်သည်ဟု ယူဆကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ပြောသည်။

မြောက်ကိုရီးယားတွင် ဖြစ်ပွားနေသည့် ကပ်ရောဂါအခြေအနေနှင့် ပတ်သက်၍ လွတ်လပ်သည့် အချက်အလက်မရှိဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းနှစ်ပတ်က နိုင်ငံအတွင်း နေ့အလိုက် ဖျားနာသူဦးရေ ၃၉၀,၀၀၀ ကျော် တွေ့ရှိခဲ့ပြီးနောက်ပိုင်း COVID-19 ကူးစက်မှုလှိုင်း လျော့ကျသွားပြီဟု မြောက်ကိုရီးယားအစိုးရသတင်းဌာနက ပြောခဲ့သည်။

မြောက်ကိုရီးယားအစိုးရက လူဦးရေမည်မျှတွင် COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တိုက်ရိုက် အတည်ပြု ထုတ်ပြန်ခြင်းမရှိခဲ့ပေ။

ထိုအခြေအနေအရ အစိုးရသတင်းဌာနက လျှော့ပေါ့ထုတ်ပြန်နေသည့် ကိန်းဂဏန်းများကို အခြေခံပြီး ကူးစက်ဖြစ်ပွားမှုအတိုင်းအတာကို သိရှိရန် ခက်ခဲကြောင်း ကျွမ်းကျင်သူတွေက ဆိုသည်။

"အခြေအနေက ပိုကောင်းလာတာ မဟုတ်ဘဲ ပိုဆိုးလာနေတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်" ဟု WHO အရေးပေါ်ဆိုင်ရာ အကြီးအကဲ မိုက်ခ်ရိုင်ယန်က ဇွန်လ (၁) ရက်နေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

WHO အနေဖြင့် မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်နေသည့် ကိန်းဂဏန်းများအပြင် မည်သည့်အချက်အလက်ကိုမျှ မရရှိထားကြောင်းလည်း ၎င်းကဆိုသည်။

"ပြင်ဆင်ထားခြင်းမရှိတဲ့ အချက်အလက်နဲ့ မြေပြင်က တကယ့်အခြေအနေကို သိရှိဖို့က ကျွန်တော်တို့မှာ အမှန်တကယ် ပြဿနာရှိနေပါတယ်”ဟု မိုက်ခ်ရိုင်ယန်က ပြောသည်။

မြောက်ကိုရီးယား၏ COVID-19 အခြေအနေကို ပိုမိုသိရှိနိုင်ရန် တောင်ကိုရီးယားနှင့် တရုတ်ကဲ့သို့ ၎င်း၏အိမ်နီးချင်း နိုင်ငံများနှင့် WHO က ပူးပေါင်းလုပ်ဆောင်နေကြောင်းလည်း ၎င်းကဆိုသည်။

WHO အနေဖြင့် ကာကွယ်ဆေးနှင့် အထောက်အပံ့များ အပါအဝင် အကူအညီပေးရန် ကမ်းလှမ်းထားခဲ့ကြောင်းလည်း သိရသည်။

မြောက်ကိုရီးယားတွင် တစ်နိုင်ငံလုံးကို lockdown လုပ်ထားပြီး COVID-19 ကူးစက်မှု ထိန်းချုပ်ရေးဆောင်ရွက်နေကြောင်းနှင့် ဖျားနာလက္ခဏာရှိသူ ၉၆,၆၁၀ ဦး တွေ့ရှိခဲ့ကြောင်း အစိုးရသတင်းဌာန KCNA က ဇွန်လ (၂) ရက်နေ့တွင် ထုတ်ပြန်သည်။

KCNA ၏ အဆိုအရ ပြည်နယ်အလိုက် lockdown လုပ်ခြင်းနှင့် ကမ်းရိုးတန်းများကို ပိတ်ပင်ထားခြင်း၊ ဆေးဝါးထုတ်လုပ်မှုနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များကို မြှင့်တင်ခြင်း အပါအဝင် ကပ်ရောဂါတိုက်ဖျက်ရေး အပြင်းအထန် ဆောင်ရွက်နေကြောင်းနှင့် ပိုးမွှားသတ်းဆေးဖြန်းခြင်းကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

သို့သော် မြောက်ကိုရီးယားတွင် လယ်ယာစိုက်ပျိုးရေးကဲ့သို့ အဓိကလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသည်ဟု ဆိုသည်။

မြောက်ကိုရီးယားဝန်ကြီးချုပ် Kim Tok Hun က ဆေးဝါးထုတ်လုပ်ရေးစက်ရုံ (၂) ရုံကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီဖြစ်စေရန် အပါအဝင် နိုင်ငံ၏ ဆေးဝါထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့ကြောင်း KCNA သတင်းက ဖော်ပြသည်။

"ဆေးဝါးများ လုံလုံလောက်လောက် ထုတ်လုပ်ခြင်းနှင့် ထောက်ပံ့ပေးခြင်းက လူတွေရဲ့အသက်ကို ကာကွယ်ရန်နှင့် လက်ရှိလုပ်ဆောင်နေတဲ့ ကပ်ရောဂါတိုက်ဖျက်ရေးမှာ မရှိမဖြစ် လိုအပ်ချက်ဖြစ်တယ်" ဟု Kim Tok Hun က ပြောခဲ့သည်။

Source: Reuters