ဘရားဇီးနိုင်ငံတွင် လက်ရှိသမ္မတ မဲရှုံး၍ ထောက်ခံသူ ကားသမားများက နိုင်ငံတဝန်း ကားများဖြင့် လမ်းများကို ပိတ်ဆို့ကာ ဆန္ဒပြ

ဘရားဇီးနိုင်ငံတွင် လက်ရှိသမ္မတ မဲရှုံး၍ ထောက်ခံသူ ကားသမားများက နိုင်ငံတဝန်း ကားများဖြင့် လမ်းများကို ပိတ်ဆို့ကာ ဆန္ဒပြ
နိုဝင်ဘာ 2, 2022 | နိုင်ငံတကာသတင်း
By Mr John

ဘရာဇီးနိုင်ငံတွင် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့် သမ္မတ ဘိုလ်ဆွန်နာရိုကို ထောက်ခံအားပေးသော ကုန်တင်ယာဥ်မောင်းများက နိုင်ငံတဝန်း လမ်းများကို ပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။ 

အောက်တိုဘာလ (၃၀) ရက်နေ့က ကျင်းပခဲ့သည့် သမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့တွင် လက်ယာဝါဒီ သမ္မတဘိုလ်ဆွန်နာရိုက လက်ဝဲဝါဒီ သမ္မတဟောင်းလူလာဒါဆေးလ်ဗားကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဘရာဇီးနိုင်ငံတဝန်း ပြည်နယ် (၂) ခုကလွဲပြီး ကျန်ပြည်နယ်များအားလုံးတွင် ဘိုလ်ဆွန်နာရိုကို ထောက်ခံသူများက လမ်းပိတ်ဆို့ထားကြရာ စားနပ်ရိက္ခာ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများကိုကို အနှောင့်အယှက်ဖြစ်ပြီး ထိခိုက်စေခဲ့သည်။

 ဘရာဇီးသမ္မတရွေးကောက်ပွဲတွင် မဲများအားလုံးကို ရေတွက်ပြီးစီးချိန်၌ လူလာဒါဆေးလ်ဗားက မဲအရေအတွက် (၅၀.၉) ရာခိုင်နှုန်းနှင့် ဘိုလ်ဆွန်နာရိုက (၄၉.၁) ရာခိုင်နှုန်း ရရှိခဲ့ပြီး သိပ်မကွာသည့် မဲရလဒ်ဖြင့် လူလာဒါဆေးလ်ဗားက အနိုင်ရခဲ့သည်။

လက်ရှိ သမ္မတ ဘိုလ်ဆွန်နာရိုက ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဝန်ခံခြင်းမရှိသလို မဲရလဒ်ကို ဥပဒေကြောင်းအရ ကန့်ကွက်အရေးဆိုမှုလည်း မရှိသေးကြောင်း သိရသည်။ 

ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် ဘိုလ်ဆွန်နာရိုက အာဏာလွှဲပြောင်းမှုကာလ (၂) လအတွင်း ရှုပ်ထွေးမှုများဖြစ်စေရန် လုပ်ဆောင်နိုင်ကြောင်း စိုးရိမ်မှုများလည်း ရှိနေသည်။ 

ရွေးကောက်ပွဲအနိုင်ရပြီး တစ်ကျော့ပြန်သမ္မတဖြစ်လာမည့် လူလာဒါဆေးလ်ဗားက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုမည် ဖြစ်သည်။

သမ္မတရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာပြီးနောက် မကြာမီမှာပင် ဘိုလ်ဆွန်နာရိုကို ထောက်ခံအားပေးသည့် ကုန်တင်ယာဥ်မောင်းများက နိုင်ငံတဝန်း နေရာအများအပြားတွင် လမ်းများပိတ်ဆို့ထားလိုက်ကြသည်။ 

အောက်တိုဘာလ (၃၁) ရက် ညပိုင်းအထိ အမြန်လမ်းရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ ထိုသို့ လမ်းပိတ်ဆို့ထားမှု (၃၄၂) ခုရှိခဲ့ကြောင်းနှင့် နိုင်ငံတောင်ပိုင်းတွင် အကြီးဆုံး ဆန္ဒပြလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ 

နောက်ပိုင်းတွင် လမ်းပိတ်ဆို့ထားမှုအချို့ကို ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့သည်။

ဘိုလ်ဆွန်နာရို အစိုးရလက်ထက်တွင် ကုန်တင်ယာဥ်မောင်း အများအပြားမှာ ဒီဇယ်ဆီကုန်ကျစရိတ် လျော့နည်းမှုကြောင့် အကျိုးခံစားခွင့်ရခဲ့ကြသည်။ 

ဘရာဇီးတရားရုံးချုပ် တရားသူကြီး Alexandre de Moraes က လမ်းပိတ်ဆို့ထားမှုများကို ရဲတပ်ဖွဲ့က ချက်ချင်း ရှင်းလင်းရန် အောက်တိုဘာလ (၃၁) ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ 

နိုဝင်ဘာလ (၁) ရက်နေ့အထိ ဆက်လက် လမ်းပိတ်ဆို့ထားသူများကို တစ်နာရီလျှင် ဘရာဇီးရီးယဲငွေ (၁၀၀,၀၀၀) (အမေရိကန်ဒေါ်လာ ၁၉,၃၀၀) ဒဏ်ရိုက်ခံရမည်ဟုလည်း တရားသူကြီးက သတိပေးခဲ့သည်။

နောက်ဆက်တွဲသတင်းအရ သမ္မတဘိုလ်ဆွန်နာရိုက နိုဝင်ဘာ (၁) ရက်တွင် နိုင်ငံကို မိန့်ခွန်းတစ်ရပ်ပြောကြားပြီး ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်ခံသွားမည်ဟု ဆက်သွယ်ရေးဝန်ကြီး Fabio Faria က ပြောကြောင်း သိရသည်။ 

သမ္မတမိန့်ခွန်းပြောကြားမှုဖြင့် နိုင်ငံတဝန်း ၎င်းအား ထောက်ခံသူများက လမ်းပိတ်ဆို့ထားမှုများကို ဖယ်ရှားပေးနိုင်သည်ဟု ဆိုသည်။

Source: BBC

Photo: REUTERS, REUTERS/Pilar Olivare,REUTERS/Rodolfo Buhrer