ရုရှား - ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး ပူတင်နှင့်တွေ့ဆုံရန် အသင့်ရှိကြောင်း အမေရိကန် သမ္မတပြောကြား

ရုရှား - ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး ပူတင်နှင့်တွေ့ဆုံရန် အသင့်ရှိကြောင်း အမေရိကန် သမ္မတပြောကြား
ဒီဇင်ဘာ 3, 2022 | နိုင်ငံတကာသတင်း
By Mr John

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင် အနေဖြင့် စစ်ပွဲအဆုံးသတ်ရေး နည်းလမ်းတစ်ခု ရှာဖွေရန် အမှန်တကယ် စိတ်ဝင်စားမှုရှိပါက တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီဇင်ဘာလ (၁) ရက်နေ့တွင် ပြောကြားလိုက်သည်။ 

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့်အတူ သတင်းထောက်များကို တွေ့ဆုံစဥ် ဘိုင်ဒန်က ယင်းသို့ ပြောခဲ့ခြင်းဖြစ်သည်။

ဘိုင်ဒန်နှင့်မက်ခရွန်တို့ နှစ်ဦးက ရုရှား၏ စစ်ပွဲကို ဆက်လက် ဆန့်ကျင်ရပ်တည်သွားမည်ဟု အလေးအနက် ပြောခဲ့ကြပြီး ယူကရိန်း အနေဖြင့် ၎င်းတို့အတွက် လက်ခံနိုင်စရာမရှိဟု ယူဆထားသည့် အပေးအယူတစ်ခုကို လုပ်ရန် မည်သည့်အခါမှ တိုက်တွန်းသွားမည် မဟုတ်ကြောင်း ပြင်သစ်သမ္မတမက်ခရွန်က ပြောသည်။

အမေရိကန်သမ္မတ ဘိုင်ဒန်က တွေ့ဆုံရေးအတွက် ပြောကြားခဲ့ပြီး နောက်တစ်ရက်ဖြစ်သည့် ဒီဇင်ဘာလ (၂) ရက်နေ့တွင်မူ ယူကရိန်းစစ်ပွဲအရေး ဖြစ်နိုင်ခြေရှိသည့် ပြေလည်မှုအတွက် ဆွေးနွေးညှိနှိုင်းရန် သမ္မတပူတင်က လမ်းဖွင့်ထားကြောင်း၊ သို့သော် ရုရှား၏ တောင်းဆိုမှုများကို အနောက်အုပ်စုက လက်ခံရမည်ဟု ရုရှားအစိုးရဘက်က တုံ့ပြန်ပြောလာခဲ့သည်။ 

ယူကရိန်းထံမှ သိမ်းပိုက်ခဲ့သည့် နယ်မြေသစ်များကို အနောက်အုပ်စုက အသိအမှတ်ပြုရန် ငြင်းဆန်နေမှုက ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ပိုမိုခက်ခဲစေကြောင်းလည်း ရုရှားက ဆိုသည်။



ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် စတင်လိုက်သည့် ရုရှားကျူးကျော် စစ်ပွဲကြောင့် ယူကရိန်းနိုင်ငံအတွင်းမှ ဒုက္ခသည် (၁၅) သန်းနှင့် သန်း (၃၀) ကြားရှိလာခဲ့ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီး Mike Milley က ပြောသည်။

Source: BBC, Reuters

Photo: SHAWN THEW/EPA, SARAH RAINSFORD/BBC, REUTERS/Jonathan Ernst, Radio Free Europe/Radio Liberty/Serhii Nuzhnenko