စစ်ကောင်စီတပ်ကြောင့် ကုန်းသာရွာ ရွာလုံးကျွတ်ပျက်စီး

စစ်ကောင်စီတပ်ကြောင့် ကုန်းသာရွာ ရွာလုံးကျွတ်ပျက်စီး
ဒီဇင်ဘာ 13, 2022 | 2021 Military Coup| နိုင်ငံရေး
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုကြောင့် ရွာလုံးကျွတ်လက်နက်ကြီး ထိမှန်ပျက်စီးသွားကြောင်း TNLA က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

"လူနေအိမ်(၄)အိမ်ကို သူတို့ (စစ်ကောင်တပ်)တွေက မီးရှို့လိုက်လို့ မီးလောင် ပြာကျသွားတယ်။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် အိမ်ခြေ (၅၀)ကျော်ဝန်းကျင်ကိုလည်း သူတို့က သေနတ်တွေနဲ့ ပစ်တယ်။ လေယာဥ်နဲ့လည်း ဗုံးကြဲတယ်။ ပြီးတော့ လက်နက်ကြီး‌လည်းထိတယ်။ မီးမလောင်ပေမဲ့ အကုန် ထိခိုက် ပျက်စီးကုန်ပြီ။”ဟု ကုန်းသာရွာခံကို ကိုးကား၍ သတင်းထုတ်ပြန်ထားသည်။ 

ကုန်းသာရွာနှင့် အနီးစပ်ဆုံးရွာဖြစ်သည့် ဟူးမန်းရွာနှင့် ပန်းအလောက်ရွာကိုလည်း စစ်ကောင်စီတပ်စစ်ကြောင်းများက ဝင်ရောက်ကာ ငွေနှင့် ရွှေထည်ပစ္စည်းများ ယူဆောင်သွားသည်ဟု သိရသည်။

" သူတို့ ရွာထဲကို စစ်ကြောင်းဝင်လာတော့ အိမ်တိုင်းကို ဖောက်ပြီး မွှေသွားတယ်။ တချို့အိမ်ဆို ရွှေထည်ပစ္စည်းတွေပါသွားတယ်။ ကျွန်မဆိုင်ကိုလည်း သော့ဖျက်ပြီး စားစရာတွေ၊ ဆန်အိတ်တွေကိုလည်း ဖောက်ပြီး သူတို့နိုင်သလောက်ကို ယူသွားတယ်။ ပြီးတော့ ကျွန်မ ရောင်းလို့ရတဲ့ ငွေနဲ့ အရင်းအနှီးလုပ်ဖို့ ထားထားတဲ့ ငွေ(၁၇)သိန်းကျော်ကိုလည်း ယူသွားတယ်။ အခု ကျွန်မတို့ ဘယ်လို ရှေ့ဆက်ရမလဲ မသိဘူး” ဟု ဒေသခံတစ်ကပြောကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှု ဆက်လက်ပြုလုပ်လျက်ရှိပြီး တိုက်ပွဲများကြောင့် နှစ်ဖက်ထိခိုက်မှုအခြေအနေကိုမူ လတ်တလောအတည်မပြုနိုင်ခြင်း မရှိသေး‌ကြောင်း သိရသည်။

ကုန်းသာရွာ စီးနင်းတိုက်ခိုက်ခံရပြီးနောက် အဆိုပါကျေးရွာအနီးရှိ ဟူးမန်း၊ ပန်အလောက်၊ မန်လုံး၊ ပိန်းလုံနှင့် ဆာမ်ငမ်ရွာမှ ဒေသခံ ထောင်ချီမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၇ ရက်ကစတင်ကာ TNLA တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။