ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများ၏ ဆက်သွယ်ရေးလမ်းများကို ပိတ်ဆို့ထားပြီဟု KNU ထုတ်ပြန်

ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများ၏ ဆက်သွယ်ရေးလမ်းများကို ပိတ်ဆို့ထားပြီဟု KNU ထုတ်ပြန်

ကရင်ပြည်နယ် ဖာပွန်မြို့တောင်ဖက်တွင် အခြေချသည့် စစ်ကောင်စီတပ်၏ စဗခ(၁) ရတခ လက်အောက်ခံ တပ်ရင်းအားလုံး စခန်းတည်ရှိရာ မယ်တရိုး၊ ဝေနောင်၊ တံခွန်တိုင်နှင့် ဝေဆာဆက်သွယ်ရေးလမ်းများအားလုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီဖြစ်ကြောင်း သိရသည်။

ဝိုင်းရံပိတ်ဆို့ဖြတ်တောက်မှု၏ အဓိကစစ်ဆင်ရေးသည် ပြီးခဲ့သည့် ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဗဟိုဌာနချုပ်၏ ထုတ်ပြန်ချက်ပါ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များ လာရောက်ကာ နယ်မြေချဲ့ထွင်စိုးမိုးမှုအားလုံး ပြန်လည်ရုတ်သိမ်းရန်နှင့် ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုက်ခိုက်မောင်းထုတ်ရမည်ဆိုသည့် ထုတ်ပြန်စာ၏ နောက်ဆက်တွဲအရေးယူဆောင်ရွက်မှုဖြစ်သည် ဟု KNUက ဆိုသည်။

အဆိုပါ ထုတ်ပြန်ချက်အား စစ်ကောင်စီဖက်မှ လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အပြင် ၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် အာဏာထပ်မံသိမ်းလိုက်သည်သာမက ၎င်းတို့၏ တပ်စခန်းများအား အခိုင်အမာ မွန်းမံပြုပြင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်း၊ မဟာဗျူဟာလမ်းကြောင်း ဖောက်လုပ်ခြင်းများအား တိုးချဲ့ကာ ကရင်ပြည်နယ်အတွင်းရှိ ၎င်းတို့၏ စစ်အုပ်ချုပ်ရေးယန္တရားအား အစီအစဥ်တကျ အခိုင်အမာ တည်ဆောက်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ၎င်းတို့အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများအပေါ်နှိပ်စက်ညှင်းပန်းခြင်း၊ မတရားဖမ်းဆီးသတ်ဖြတ်ခြင်းများ နေ့စဥ်ပြုလုပ်ကာ တဖက်တွင်လည်း ဂျက်တိုက်လေယာဥ်၊ လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်သွားလာရာ နေရာသို့ ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူများ သေကြေခြင်း၊ ဒဏ်ရာအနာတရ ရရှိခြင်းနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရခြင်းများ နေ့စဥ်ကြုံတွေ့နေရသည်ဟု ထုတ်ပြန်ထားသည်။ 



အဆိုပါကိစ္စများကြောင့် စစ်ကောင်စီ၏ မူတြော်ခရိုင်အတွင်းရှိစခန်းများ၊ ဖာပွန်မြို့အခြေစိုက်တပ်ရင်းများနှင့် တနိုင်ငံလုံး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အမှတ်(၅)တပ်မဟာနှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ဝင်အချို့များမှ စစ်ကောင်စီ၏ ဖာပွန်မြို့အခြေစိုက် တပ်စခန်းများ၏ ဆက်သွယ်ရာ လမ်းများအားလုံးကို ဖြတ်တောက်ထားခြင်းဖြစ်ကာ စစ်ကောင်စီ၏ ဖာပွန်မြို့အခြေစိုက် တပ်ရင်းများ အလုံးစုံထွက်ခွာသွားရန် ဖိအားပေးလုပ်ဆောင်နေသည်ဟု သိရသည်။ 

စစ်ကောင်စီတပ်၏ လမ်းကြောင်းများ စတင်ပိတ်ဆို့မှု မပြုမီကတည်းကပင် စစ်ကောင်စီတပ်သည် ဖာပွန်မြို့တွင်းရှိ ရပ်ကွက်များနှင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာများပေါ်သို့ လေယာဥ်ဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးများဖြင့်သော်လည်းကောင်း နေ့စဥ်ပစ်ခတ်မှုကြောင့် မြို့တွင်းနှင့် ရပ်ကွက်နေပြည်သူများ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

#TachileikNewsAgency