ကလေးမြို့ မြောက်စည်းရဲစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

ကလေးမြို့ မြောက်စည်းရဲစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်
နိုဝင်ဘာ 5, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကလေးတောင်ပိုင်းရှိ မြောက်စည်းရဲစခန်းအား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား (၉)ဦး သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း VAKOK CNDFထံမှ သိရသည်။

အဆိုပါရဲစခန်းကို ၂၀၂၃ခုနှစ် နို၀င်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ (၄)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

"တိုက်ပွဲတော့ ပြီးဆုံးသွားပါပြီ။ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုကတော့ အလောင်း(၉)လောင်းရထားပါတယ်။ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုကတော့ ပြောပြလို့ အဆင်မပြေလို့ပါ ခင်ဗျာ။ စခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတာတွေလည်းရှိပါတယ်။" ဟု VAKOK-CNDFမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များက စခန်းသိမ်းပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ နှစ်ရက်အတွင်း (၄)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကူပို့ပေးခြင်းမရှိခဲ့ဟု ဆိုသည်။

"လေကြောင်းကနေ စုစုပေါင်း (၄)ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ ပထမနေ့မှာ (၃)ကြိမ်၊ ဒုတိယနေ့မှာ (၁)ကြိမ်ပါ။  အရပ်သားထိခိုက်မှုတော့ရှိပါတယ်။ နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုရှိတယ်။ အရေအတွက်တော့ ပြောရခက်တယ်ဗျ။"ဟု ၎င်းကဆက်ပြောသည်။

တိုက်ပွဲအတွင်း VAKOK-CNDF မှ ရဲဘော်တစ်ဦးနှင့် RKDFမှ ရဲဘော်(၂)ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။

"ပြည်သူတွေကို ပြောချင်တာကတော့ အားမလျော့ စိတ်ဓာတ်မကျပါနဲ့။ ကျွန်တော်တို့ အစွမ်းကုန် အအသက်ပေးပြီး ကြိုးစားတိုက်ထုတ်နေပါတယ်။ တော်‌လှန်ရေးပြီးခန်းတိုင်အောင် ရပ်တည်ပေးကြပါလို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ။"ဟု ၎င်းကဆက်ပြောသည်။

တိုက်ခိုက်မှုကို VAKOK-CNDF၊ RKDF၊ ပကဖ၊ Kalay PDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency