ကျောက်မျက်လုပ်ငန်းရှင် ၄၃ ဦးကို NUG အမည်ပျက်စာရင်းသွင်း

ကျောက်မျက်လုပ်ငန်းရှင် ၄၃ ဦးကို NUG အမည်ပျက်စာရင်းသွင်း
ဒီဇင်ဘာ 9, 2023 | 2021 Military Coup

ကျောက်မျက်လုပ်ငန်းရှင်များအသင်း(၃)ခုမှ လုပ်ငန်းရှင်(၄၃)ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အမည်ပျက်စာရင်းသွင်းကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(ရန်ကုန်)၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မန္တလေး)တို့မှ လုပ်ငန်းရှင်(၄၃)ဦးကို အမည်ပျက်စာရင်းသွင်းပြီး အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၇)ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ၏ တရားဝင်မှုနှင့် အခွန် သို့မဟုတ် အကျိုးအမြတ် စသည်တို့အပေါ်  တနည်းတလမ်းအားဖြင့် အကျိုးပြုနေသည့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့်တကွ လက်အောက်ခံအသင်းခွဲများအား ဖွဲ့စည်းပုံနှင့်တကွ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဖျက်သိမ်းခဲ့သည်။

ဖျက်သိမ်းကြောင်း အမိန့်ထုတ်ပြန်ပြီးနောက် အဆိုပါအသင်းနှင့် လက်အောက်ခံအသင်းခွဲများတွင် ဆက်လက်ပါဝင်လုပ်ကိုင်နေခြင်း၊ ပူး‌ပေါင်းလုပ်ကိုင်နေခြင်း၊ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေများကို ဆက်လက်သုံးစွဲနေခြင်း၊ အသင်း၏ အမည်ဖြင့် ဆက်လက်ဆောင်ရွက်ခြင်း ပြုလုပ်နေသော လုပ်ငန်းရှင်များ၊ ဝန်ထမ်းများအား အကြမ်းဖက်စစ်ကောင်စီအပေါ် ထောက်ပံ့ကူညီနေသူများအဖြစ် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။  

လက်ရှိတွင် အမိန့်ကိုလိုက်နာခြင်းမရှိဘဲ အဆိုပါအသင်းအဖွဲ့များတွင် ဆက်လက်ပါဝင်လုပ်ကိုင်နေသော လုပ်ငန်းရှင်များကို အမည်ပျက်လုပ်ငန်းရှင်စာရင်း ထည့်သွင်းလိုက်ပြီး ဆက်လက်ပါဝင်လုပ်ကိုင်နေပါက လိုအပ်သလို အဆင့်ဆင့် ဆက်လက်အရေးယူသွားမည်ဟုလည်းထုတ်ပြန်ထားသည်။

ထို့အပြင် စာရင်းတွင် မပါဝင်သေးသော အဆိုပါအဖွဲ့အစည်းအသီးသီး၏ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များကိုလည်း ဆက်လက်လုပ်ဆောင်နေပါက အမည်ပျက်လုပ်ငန်းရှင်စာရင်းတွင် ထည့်သွင်းအရေးယူသွားမည်ဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency