ပလက်ဝမြို့နယ်အတွင်း ဆမီးဗျူဟာနှင့် ၂၈၉ တပ်ရင်းတွင် ကျေးရွာလူကြီး ၁၃ ဦးနှင့် အရပ်သား ၂၅ ဦးဖမ်းခံထားရ

ပလက်ဝမြို့နယ်အတွင်း ဆမီးဗျူဟာနှင့် ၂၈၉ တပ်ရင်းတွင် ကျေးရွာလူကြီး ၁၃ ဦးနှင့် အရပ်သား ၂၅ ဦးဖမ်းခံထားရ
By Tachileik News Agency

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ဗျူဟာ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီတပ်တွင် ဖမ်းဆီးခံထားရသည့် ကျေးရွာလူကြီး (၁၃) ဦးနှင့် ပလက်ဝမြို့ရှိ ၂၈၉ တပ်ရင်းတွင် ဖမ်းဆီးခံထားရသည့် ပါးဝကျေးရွာမှအရပ်သား (၂၅) ဦးတို့ကို ယနေ့အထိဖမ်းထားဆဲဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့တွင်  CDF ပလက်ဝက သတင်းထုတ်ပြန်သည်။

ဆမီးမြိုဗျူဟာတွင် အဖမ်းခံထားရသည့် ကျေးရွာလူကြီး (၁၃) ဦးမှာ ယမန်နှစ် ဒီဇင်ဘာလကတည်းက ဖမ်းဆီးခံထားရခြင်းဖြစ်ပြီး ပါးဝကျေးးရွာမှ အရပ်သား (၂၅)ဦးမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အာဏာသိမ်းစစ်တပ်သည် ဇန်နဝါရီလ (၄) ရက်နေ့က CDF ပလက်ဝ၏ နယ်မြေကို သတင်းပေးအကူအညီဖြင့် အင်အား (၁၃၀)ခန့်ဖြင့် ဝင်ရောက်ခဲ့စဉ် CDF များက ဆုတ်ခွာသွားနိုင်ခဲ့ပြီးနောက် ဆမီးမြို့ တိုင်ဝကျေးရွာအုပ်စုရှိ ပါးဝကျေးရွာတွင်း သေနတ်ပစ်ဖေါက်ကာ အရပ်သားများကို ဖမ်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် အရပ်သားများအား လူသားဒိုင်းအသုံးချခြင်းကဲ့သို့ အပြစ်မဲ့အရပ်သားများအပေါ် လူမဆန်သည့်လုပ်ရပ်များအား လွန်စွာစက်ဆုပ်ရွံရှာမိပြီး ပြည်သူကိုဒုက္ခပေးသူများအား ချေမှုန်းသွားမည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။