အင်ဒိုနီးရှားတွင် လက်မထပ်ဘဲ အတူနေပါက အရေးယူမည်ဟုဆိုသည့် ဥပဒေသစ်ကို မကျေနပ်၍ ရဲစခန်းတစ်ခုကို အသေခံ ဗုံးခွဲတိုက်ခိုက်

အင်ဒိုနီးရှားတွင် လက်မထပ်ဘဲ အတူနေပါက အရေးယူမည်ဟုဆိုသည့် ဥပဒေသစ်ကို မကျေနပ်၍ ရဲစခန်းတစ်ခုကို အသေခံ ဗုံးခွဲတိုက်ခိုက်
ဒီဇင်ဘာ 8, 2022 | နိုင်ငံတကာသတင်း
By Mr John

 အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ရှိ ရဲစခန်းတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှု  ဖြစ်ပွားခဲ့ရာ လူ (၂) ဦး သေဆုံးပြီး (၁၀) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

ဒီဇင်ဘာလ (၇) ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်ရပ်မှာ အင်ဒိုနီးရှားအစိုးရ၏ လက်မထပ်ဘဲ အတူနေသူများကို ထောင်ဒဏ်ချမှတ်နိုင်သည့် ပြစ်မှုဆိုင်ရာဥပဒေသစ်ကို ဒေါသထွက်နေသူ အစ္စလာမ်မစ်စစ်သွေးကြွတစ်ဦးက ရဲစခန်းကို အသေခံ ဗုံးခွဲခဲ့ခြင်းဖြစ်နိုင်ကြောင်း အာဏာပိုင်များက ပြောသည်။

ရဲစခန်းပေါက်ကွဲမှုအတွင်း တိုက်ခိုက်သူအဖြစ် သံသယရှိသူနှင့် ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပြီး ယခုဖြစ်ရပ်ကို အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဌာနနှင့် ပူးပေါင်း၍ စုံစမ်းစစ်ဆေးနေကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ သတင်းအချက်အလက်ဌာန အကြီးအကဲ Ahmad Ramadhan က ဆိုသည်။ 

အင်ဒိုနီးရှား အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဌာန (BNPT) မှ Ibnu Suhendra က Metro TV ကို ပြောကြားမှုအရ ဘန်ဒေါင်းရဲစခန်း တိုက်ခိုက်မှုကို အိုင်အက်စ်အကြမ်းဖက်အုပ်စု (Islamic State) ပုံစံ ဖွဲ့စည်းလုပ်ဆောင်နေသည့် Jamaah Ansharut Daulah (JAD) အုပ်စုက ကြိုးကိုင်စီစဥ်ခဲ့နိုင်ကြောင်း သိရသည်။

JAD က အင်ဒိုနီးရှားတွင် အလားတူ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။ 

အာဏာပိုင်များက ပေါက်ကွဲမှုဖြစ်ပွားသည့် ရဲစခန်းနေရာတွင် တွေ့ရှိရသော အပြာရောင် မော်တော်ဆိုင်ကယ်တစ်စီးကို စုံစမ်းစစ်ဆေးနေကြောင်း အနောက်ဂျာဗားရဲတပ်ဖွဲ့ ရဲချုပ် Suntana က Metro TV ကို ပြောသည်။ 

တိုက်ခိုက်သူက ထိုဆိုင်ကယ်ကို အသုံးပြုခဲ့သည်ဟု ယူဆထားသည်။

အဆိုပါ ဆိုင်ကယ်တွင် လွှတ်တော်က ဒီဇင်ဘာလ (၆) ရက်နေ့တွင် အတည်ပြုခဲ့သည့် လက်မထပ်ဘဲ အတူနေသူများကို ထောင်ဒဏ်ချမှတ်နိုင်သည့် ပြစ်မှုဆိုင်ရာဥပဒေသစ်ကို ကန့်ကွက်ကြောင်း စာတိုတစ်စောင်ကို တွေ့ရှိရသည်။ 

"ပြစ်မှုဆိုင်ရာဥပဒေသစ်က ဘာသာတရားမရှိတာပဲ ဖြစ်တယ်။ ဥပဒေစိုးမိုးရေး အရာရှိတွေကို ချေးမှုန်းကြစို့" ဟု ရေးသားထားသည့် စာတိုတစ်စောင်ကို မော်တော်ဆိုင်ကယ်ပေါ်တွင် တွေ့ရှိရကြောင်း Suntana က ပြောခဲ့သည်။

ကနဦး စစ်ဆေးမှုများအရ တိုက်ခိုက်သူက ရဲစခန်းသို့ ဗုံး (၂) လုံး ယူဆောင်လာခဲ့ကြောင်း၊ သို့သော် တစ်လုံးကိုသာ ဖောက်ခွဲရန် အချိန်ရခဲ့ကြောင်းလည်း  Sunatana က ဆိုသည်။ 

သတင်းဓာတ်ပုံများအရ ရဲစခန်း ပျက်စီးနေပြီး အဆောက်အအုံမှ အပျက်အစီးများ မြေပြင်တွင် ပြန့်ကျဲနေကာ ပေါက်ကွဲမှုဖြစ်ပွားနေသည့် နေရာမှ မီးခိုးများထွက်နေသည်ကို တွေ့ရသည်။

အင်ဒိုနီးရှားအစိုးရ JAD နှင့် ဆက်နွယ်သည့် အသေခံ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်သွေးကြွများကို နှိမ်နင်းရန် ပြင်းထန်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေသစ်ကို ပြဌာန်းခဲ့သည်။ 

JAD အုပ်စု အဖွဲ့ဝင်များက ၂၀၁၈ ခုနှစ်အတွင်း ဆူရာဘာယာမြို့တွင် ခရစ်ယာန်ဘုရားကျောင်းများကို ဆက်တိုက် အသေခံဗုံးခွဲမှုများ လုပ်ဆောင်ခဲ့သည်။ 

ထိုတိုက်ခိုက်သူများမှာ မိသားစု (၃)စု ဖြစ်ပြီး ကလေးငယ်များလည်း ပါဝင်ခဲ့ကြောင်းနှင့် တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ (၃၀) သေဆုံးခဲ့သည်။

၂၀၂၁ ခုနှစ်တွင်လည်း JAD အုပ်စုမှ လက်ထပ်ပြီးခါစ စုံတွဲတစ်တွဲက Makassar မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းတွင် အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ၎င်းတို့နှစ်ဦးသာ သေဆုံးခဲ့ကြောင်း သိရသည်။ 

အင်ဒိုနီးရှားတွင် ဘာသာရေးအစွန်းရောက်အချို့က နိုင်ငံ၏ဥပဒေများကို လက်မခံဘဲ ငြင်းပယ်ထားပြီး အစ္စလာမ်ဘာသာကသာ တရားဝင် အာဏာပိုင်ဖြစ်သည်ဟု သိရှိလက်ခံထားကြကြောင်း လေ့လာသူများက ဆိုသည်။

 

Source: Reuters

Photo: REUTERS/Willy Kurniawan, Antara Foto/Raisan Al Farisi/ via REUTERS