အင်ဒိုနီးရှားတွင် လက်မထပ်သေးဘဲ အတူနေသူများကို ထောင်ဒဏ်ချမှတ်နိုင်သည့် ဥပဒေသစ် လွှတ်တော်က အတည်ပြု

အင်ဒိုနီးရှားတွင် လက်မထပ်သေးဘဲ အတူနေသူများကို ထောင်ဒဏ်ချမှတ်နိုင်သည့် ဥပဒေသစ် လွှတ်တော်က အတည်ပြု
ဒီဇင်ဘာ 7, 2022 | နိုင်ငံတကာသတင်း
By Mr John

 အင်ဒိုနီးရှားနိုင်ငံတွင် လက်မထပ်ရသေးဘဲ အတူနေသူများကို ထောင်ဒဏ် (၁) နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ပြစ်မှုဆိုင်ရာဥပဒေကို လွှတ်တော်က ဒီဇင်ဘာလ (၆) ရက်နေ့က အတည်ပြုလိုက်ကြောင်း သိရသည်။ 

ထိုဥပဒေကြောင့် နိုင်ငံ၏ အပူပိုင်းကမ်းခြေများသို့ ကမ္ဘာလှည့်ခရီးသွားလာရောက်မှု လျော့နည်းသွားနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်နိုင်ကြောင်း စိုးရိမ်ပူပန်မှုများရှိနေသော်လည်း လွှတ်တော်က ဥပဒေကို အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ဥပဒေသစ်က အင်ဒိုနီးရှားနိုင်ငံသားများအပြင် နိုင်ငံခြားသားများအတွက်ပါ အကျုံးဝင်ပြီး စုံတွဲများ လက်မထပ်သေးဘဲ အတူနေခြင်းကိုလည်း တားမြစ်ထားကြောင်း သိရသည်။ 

ထို့အပြင် လွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေသစ်က သမ္မတ သို့မဟုတ် အစိုးရအဖွဲ့အစည်းများကို စော်ကားခြင်း၊ အစိုးရ၏ နိုင်ငံရေးသဘောထားကို ဆန့်ကျင့်သည့် အယူအဆ အမြင်များ ဖြန့်‌ဝေခြင်းနှင့် သက်ဆိုင်ရာကို ကြိုတင်အသိပေးထားခြင်းမရှိဘဲ ဆန္ဒပြမှုများကိုလည်း တားမြစ်ထားသည်။

ယခု ဥပဒေသစ်ကို အင်ဒိုနီးရှားလွှတ်တော်ရှိ နိုင်ငံရေးပါတီအားလုံးက ထောက်ခံမှုဖြင့် အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ 

သို့သော် ထိုဥပဒေသစ်ကို လက်တွေ့ကျင့်သုံးရန် နည်းဥပဒေများ ရေးဆွဲရန်လိုအပ်နေသေးရာ (၃) နှစ်အတွင်း သက်ရောက်လာမည်မဟုတ်ဟု ဆိုသည်။ 

လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံ၏ ဥပဒေအရ အိမ်ထောင်ရေးဖောက်ပြန်မှုကို တားမြစ်ထားသော်လည်း လက်မထပ်မီ အတူနေခြင်းကိုမူ တားမြစ်ထားခြင်းရှိပေ။

အင်ဒိုနီးရှားအစိုးရက ကိုလိုနီခေတ် ပြစ်မှုဆိုင်ရာဥပဒေကို ပြန်လည်ပြင်ဆင်ပြဌာန်းရန် ၂၀၁၉ ခုနှစ်တွင် စီစဥ်ခဲ့သော်လည်း တစ်နိုင်ငံလုံး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့မှုကြောင့် ရပ်ဆိုင်းထားခဲ့ရသည်။ 

ယခုအခါ လွှတ်တော်က ထိုဥပဒေကို အတည်ပြုလိုက်ခြင်းအပေါ် လက်ရှိအချိန်အထိ အများပြည်သူ တုံ့ပြန်မှု နှုတ်ဆိတ်နေဆဲဖြစ်ပြီး ဂျကာတာမြို့တော်တွင် ဒီဇင်ဘာလ (၅) ရက်နှင့် (၆) ရက်နေ့က သေးငယ်သည့် ဆန္ဒပြမှုအချို့သာရှိခဲ့ကြောင်း သိရသည်။

Source: Reuters