တာချီလိတ်မြို့ရှိ Club နှင့် KTV အချို့တွင် မူးယစ်ဆေးဝါးသစ် Happy Water များ ရောင်းချခြင်း ရှိ မရှိ စစ်ဆေးရာတွင် ကြိုတင်အကြောင်းကြားပေးပြီးမှ စစ်ဆေး

တာချီလိတ်မြို့ရှိ Club နှင့် KTV အချို့တွင် မူးယစ်ဆေးဝါးသစ် Happy Water များ ရောင်းချခြင်း ရှိ မရှိ စစ်ဆေးရာတွင် ကြိုတင်အကြောင်းကြားပေးပြီးမှ စစ်ဆေး
နိုဝင်ဘာ 30, 2022 | ရှမ်းရှေ့

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် တာချီလိတ်ရဲက Club နှင့် KTV အချို့တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း  ကြိုတင်အကြောင်းကြားပြီးမှ စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ Club နှင့် KTV များတွင် စိတ်ပြောင်းမူးယစ်ဆေးဝါးသစ်ဖြစ်သည့် Happy Water များ လွတ်လပ်စွာ ရောင်းချနေသည့်အတွက် တာချီလိတ်ရဲတပ်ဖွဲ့က စစ်ဆေးမှုများလုပ်ဆောင်ကြောင်း မှတ်တမ်းဓါတ်ပုံများရရှိရန် ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့ ညက လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

နိုဝင်ဘာလ(၂၉)ရက်နေ့က တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ ဟိုတယ်တာချီလိတ်အတွင်းရှိ DAT Bar and Club အပါအဝင် အချို့နေရာများတွင် ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရသည်။

"ညက ဝင်စစ်တယ်။ အခုလို စစ်တာကို  ဗီဒီယိုတွေ၊ ဓါတ်ပုံတွေ မရိုက်ဖို့ ပြောတယ်။ သူတို့ စစ်တာကလည်း အထဲ ဝင်လာပြီး ဟိုကြည့်ဒီကြည့်လုပ်တာ။ "ဟု တာချီလိတ်ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် KTV နှင့် Club တို့တွင် စိတ်ပြောင်းမူးယစ်ဆေးဝါးသစ်ဖြစ်သည့် Happy Water နှင့် K တို့အား လွတ်လပ်စွာ ရောင်းချနေသလို တရုတ်နိုင်ငံသားများနှင့် ပတ်သက်သည့် Club နှင့် KTV တို့တွင်လည်း  Happy Water နှင့် K အပြင် မူးယစ်ဆေးဝါးများပါ စိတ်ကြိုက် ရောင်းချပေးနေသော်လည်း စစ်တပ်နှင့်ရဲတို့က ဝင်ရောက်စွတ်ဖက်ရဲခြင်းမရှိကြောင်း ဒေသခံများက ဆိုသည်။

"စစ်တပ်က အရာရှိတချို့ နဲ့ ရဲတွေလည်း KTV တို့ Club တို့ ရောက်ရင် သူတို့ကိုယ်တိုင်က ဒါတွေကို သုံးကြတာများတယ်။ ဘယ်နေရာမှာ ဘယ်လိုရတယ်ဆိုတာကို သူတို့ မသိဘဲမနေဘူး။ သူတို့ကိုယ်တိုင်တောင် သုံးစွဲနေတာဆိုတော့ မသိသလိုနေပေးနေတာများတယ်။ ပါလျှံကနေ ဟောင်လိတ်အထိ တရုတ်နိုင်ငံသားတွေ ပါဝင်ပတ်သက်ပြီး ဖွင့်ထားတဲ့ KTV နဲ့ Club တွေဆိုရင် စစ်တပ်ကရော ရဲကရော မတို့ရဲ မထိရဲဘူး။ မသိသလိုနေပေးတာများတယ်။ အမှန်တကယ် ပပျောက်စေချင်ရင် ထိုင်းရဲတွေလို စေတနာထားပြီး Club တွေ ကို အကုန် စစ်ပေါ့။ ခုက ကွက်ကျားနဲ့ ဟန်ပြ လုပ်ပြနေတာ"ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် ယခု နိုဝင်ဘာလအတွင်း၌ စိတ်ပြောင်းမူးယစ်ဆေးဝါးသစ်ဖြစ်သည့် Happy Water အများအပြား ဖမ်းဆီးရရှိနေသော်လည်း KTV နဲ့ Club အချို့တို့တွင် ဆက်လက် ရောင်းချပေးနေလျက်ရှိကြောင်း သိရသည်။