ပျံလွန်တော်မူသွားသည့် နဂါးနှစ်ကောင်ဆရာတော်၏ ရုပ်ကလာပ်တော်အား ရက်ပေါင်း (၅၀)ကျော်အကြာ အပူဇော်ခံထားရှိမည်

ပျံလွန်တော်မူသွားသည့် နဂါးနှစ်ကောင်ဆရာတော်၏ ရုပ်ကလာပ်တော်အား ရက်ပေါင်း (၅၀)ကျော်အကြာ အပူဇော်ခံထားရှိမည်
ဖေဖော်ဝါရီ 8, 2024 | ရှမ်းရှေ့

သက်တော်(၉၇)နှစ် ဝါတော်(၇၇)ဝါရှိပြီဖြစ်သည့် နဂါးနှစ်ကောင်ဆရာတော်သည် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့အကူးပိုင်း အချိန်က  ပျံလွန်တော်မူသွားရာ ကြွင်းကျန်ရစ်သည့် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ရက်ပေါင်း (၅၀)ကျော်အကြာ  အပူဇော်ခံထားရှိမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်မှ ဦးစီး ပဓါန နာယက ဆရာတော်၊ နိုင်ငံတော် သြဝါဒစရိယ၊  အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိ၏ ရုပ်ကလာပ်တော်အား ၂၀၂၄ခုနှစ် ဧပြီလ(၆)ရက်နေ့ စနေနေ့တွင် အန္တိမဈာပန အခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ကြွင်းကျန်ရစ်သည့် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား နဂါးနှစ်ကောင်ကျောင်းတိုက်မှာပင် ရက်ပေါင်း (၅၀)ကျော်အကြာ   ပူဇော်ခံထားရှိမည်ဖြစ်သည့်အတွက် ဆရာတော်ကြီး၏ တပည့်ဒကာ ဒါယိကာများအနေဖြင့် လာရောက် ဖူးမြှော်နိုင်မည်ဖြစ်ကြောင်း ကျောင်းအကျိုးတော်ဆောင်များထံက သိရသည်။

ကျန်းမာရေးအခြေအနေများကြောင့် ၂၀၂၁၊ ၂၀၂၂ ခုနှစ် နှင့် ၂၀၂၃ခုနှစ်အတွင်းက ထိုင်းနိုင်ငံတွင် မကြာခဏ ဆေးဝါးကုသမှု ခံယူခဲ့ရသည့်  နဂါးနှစ်ကောင်ဆရာတော်သည်   ၂၀၂၃ခုနှစ် ဧပြီလ(၂၈)ရက်နေ့က စပြီး  နဂါးနှစ်ကောင် ကျောင်းတိုက်အတွင်း၌ သီးသန့်အဆောင်ခန်းတွင် ထားရှိကာ နေ့စဉ် ကျန်းမာရေးစစ်ဆေးမှုများကို  ခံယူရင်း  ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့အကူးပိုင်းအချိန်တွင် ပျံလွန်တော်မူသွားခြင်း ဖြစ်သည်။

#TachileikNewsAgency

 Photo: Sai Sai , Shan Lay,