ကျိုင်းတုံမြို့ကနေ  "ဝ"ဒေသ မိုင်းပေါက်သို့ အလုပ် လုပ်ရန်အတွက်  သွားသည့် (၂)ဦးအနက် အမျိုးသမီးတစ်ဦး ထူးဆန်းစွာ ပျောက်နေ

ကျိုင်းတုံမြို့ကနေ  "ဝ"ဒေသ မိုင်းပေါက်သို့ အလုပ် လုပ်ရန်အတွက်  သွားသည့် (၂)ဦးအနက် အမျိုးသမီးတစ်ဦး ထူးဆန်းစွာ ပျောက်နေ
ဇူလိုင် 10, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ကနေ "ဝ"ဒေသ မိုင်းပေါက်သို့ အလုပ် လုပ်ရန်အတွက်  သွားသည့်  (၂)ဦးအနက် အမျိုးသမီးတစ်ဦးမှာ ထူးဆန်းစွာ ပျောက်နေ၍ မိဘများက စိုးရိမ်ပူပန်နေပြီး လိုက်လံရှာဖွေလျက်ရှိကြောင်းနှင့် မဆမ်မောနီအား မည်သည့်နေရာတွင် တွေ့ရှိရသည် ဖြစ်စေ ဆက်သွယ်အကြောင်းကြားပေးနိုင်ရန် မိသားစုဝင်များက အကူအညီတောင်းခံထားရှိသည်။

ကျိုင်းတုံမြို့ကနေ"ဝ"ဒေသ မိုင်းပေါက်သို့ အသက်(၂၄)နှစ်အရွယ် မဆမ်မောနီ နှင့် ၎င်း လုပ်ဖော်ကိုင်ဖက်ဖြစ်သူ စောပတ်ထွန်းရစ်(ခ)ကျော်သက်ပိုင်(ခ)ကရင်လေးဆိုသူတို့သည် ၂၀၂၃ခုနှစ် ဇူလိုင်လ(၈)ရက်နေ့ နံနက်က သွားရောက်ရာ မိုင်းပေါက်သို့ ညပိုင်းတွင် ရောက်ရှိခြင်း ဖြစ်ကြောင်း သိရသည်။

မဆမ်မောနီက ၎င်း၏ မိဘထံသို့ မိမိအနေဖြင့် မိုင်းပေါက်သို့ ရောက်ရှိပြီဖြစ်ကြောင်းနှင့် အလုပ်ရှုပ်နေ၍ နောက်မှ ဖုန်းပြန်ဆက်မည်ဟု ပြောကာ ဖုန်းချသွားပြီးနောက်ပိုင်း ဖုန်းအဆက်အသွယ် မရတော့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များထံက သိရသည်။

မဆမ်မောနီအနေဖြင့် မိုင်းပေါက်သို့ သွားရောက်ရခြင်းမှာ ၎င်း၏ သူငယ်ချင်းဖြစ်သူမှာ မိုင်းပေါက်မြို့ရှိ လောင်းကစားဂိမ်းခုံတွင် အလုပ် လုပ်ကိုင်နေသူဖြစ်ပြီး ၎င်းသည် မိုင်းပေါက်တွင် အလုပ်အကိုင် အဆင်ပြေကြောင်း အလုပ် လုပ်ရန် လာခဲ့ရန်ခေါ်သည့်အတွက် မဆမ်မောနီမှာ မိုင်းပေါက်သို့ မရောက်ဖူး၍ ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ  စောပတ်ထွန်းရစ်(ခ)ကျော်သက်ပိုင်(ခ)ကရင်လေးနှင့်အတူ ဇူလိုင်လ(၈)ရက်နေ့က သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

မဆမ်မောနီ နှင့် စောပတ်ထွန်းရစ်(ခ)ကျော်သက်ပိုင်(ခ)ကရင်လေးတို့သည် ကျိုင်းတုံမြို့တွင် အသားကင်ရောင်းခြင်းနှင့် မင်္ဂလာပွဲအခမ်းအနားပြင်ဆင်သည့် အလုပ်ကို အတူပူးပေါင်း လုပ်ကိုင်ကြသူ ဖြစ်ကြောင်း သိရသည်။

"မိုင်းပေါက်ဘက်မှာ သူ့သူငယ်ချင်းရှိတယ်လို့ ပြောတယ်။ သူ့သူငယ်ချင်းက အလုပ်ရှိတယ်ဆိုပြီး လှမ်းခေါ်တာ။ သူက မိုင်းပေါက်ကို တစ်ခါမှ မသွားဖူးဘူး။ ကရင်လေးကတော့ အဲ့ဖက်ရောက်ဖူးတယ်။ အဲ့ဒါကြောင့် သူတို့ အတူတူသွားတာ။ (၈)ရက်နေ့ညမှာ မိုင်းပေါက်ကို ရောက်ပြီဆိုတဲ့အကြောင်း ဆမ်မောနီက ဖုန်းဆက်ပြောလာတယ်။ (၉)ရက်နေ့ နေ့လည် (၁၂)နာရီလောက်မှာတော့ ကရင်လေးက ဖုန်းဆက်လာတယ်။ သူ ပန်ဆန်းရောက်နေတယ်။ ပန်ဆန်းကို ဘယ်လိုရောက်လဲဆိုတာမသိဘူး။ သတိရလာတော့ ပန်ဆန်းရောက်နေတယ်။ ဆမ်မောနီနဲ့လည်း အဆက်အသွယ်ပြတ်သွားတယ်လို့ ပြောတယ်။ သူ့မှာ ဒဏ်ရာလည်း ရထားတဲ့အကြောင်း ပြောလာတယ်။ အဲ့နောက်ပိုင်း အဲ့ကောင်လေးကို ခုထိ ဆက်သွယ်လို့ မရတော့ဘူး။"ဟု မဆမ်မောနီ နှင့် နီးစပ်သူတစ်ဦးက Tachileik News Agency သို့ ဇူလိုင်လ(၁၀)ရက်နေ့တွင် ပြောပြသည်။

မဆမ်မောနီ နှင့် အဆက်အသွယ်ပြတ်သွားကြောင်း နှင့် ၎င်းတွင် ဒဏ်ရာများရရှိထားပြီး ပန်ဆန်းသို့ မည်သို့ ရောက်ရှိနေသည်ကို မသိရကြောင်း ဖုန်းဆက်ပြောလာသည့်  စောပတ်ထွန်းရစ်(ခ)ကျော်သက်ပိုင်(ခ)ကရင်လေး ဆိုသူကို ဇူလိုင်လ(၁၀)ရက်နေ့ ညပိုင်းအထိ ဆက်သွယ်၍ မရသလို ၎င်းကိုယ်တိုင်လည်း ထပ်မံ ဆက်သွယ်လာခြင်းမရှိကြောင်း သိရသည်။

လက်ရှိတွင် မဆမ်မောနီ၏ မိဘများမှာ မိုင်းပေါက်သို့ သွားရောက်ပြီး   ရှာဖွေလျှက်ရှိကြောင်း သိရသည်။

မိုင်းပေါက်တွင် ထူးဆန်းစွာပျောက်နေသည့် မဆမ်မောနီ သည် တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ နမ့်ပိန်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

မဆမ်မောနီအား မည်သည့်နေရာတွင် တွေ့ရသည်ဖြစ်စေ ဖုန်း 09-661929509၊ 09-442599125 နှင့် 09-693630244 သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ပါရန် မိသားစုဝင်များက အသိပေးကာ အကူအညီတောင်းခံထားရှိသည်။