မိုင်းဆတ်မြို့၌ မန္တလေးမှပြန်လာ၍ Quarantine ထားသည့် ဆရာဝန်တစ်ဦးတွင် COVID 19 ပိုးတွေ့

မိုင်းဆတ်မြို့၌ မန္တလေးမှပြန်လာ၍ Quarantine ထားသည့် ဆရာဝန်တစ်ဦးတွင် COVID 19 ပိုးတွေ့
ဇန်နဝါရီ 28, 2021 | Covid-19| ရှမ်းရှေ့
By သန်းဇော်ဦး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် မန္တလေးမြို့မှပြန်လာ၍ Quarantine ထားရှိသည့် မြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန် အမျိုးသမီးတစ်ဦးတွင် COVID 19 ကူးစက်ခံထားရကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့၌ ဓာတ်ခွဲအဖြေရရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်အမျိုးသမီးသည် ဇန်နဝါရီလ (၈) ရက်နေ့က မန္တလေးတိုင်းဒေသကြီးသို့ ခွင့်ပြန်သွားပြီးနောက် ဇန်နဝါရီလ (၂၃) ရက်နေ့တွင် AIR KBZ လေကြောင်းလိုင်းဖြင့် တာချီလိတ်မြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါ ကျန်းမာရေးဝန်ထမ်းအပြင် တာချီလိတ်မှ မိုင်းဆတ်သို့ မော်တော်ယာဉ်ဖြင့် ကြိုပေးသည့် ယာဉ်မောင်း (၂) ဦးကိုပါ quarantine ထားပြီး ဇန်နဝါရီလ (၂၈) ရက်နေ့တွင် RDT ဖြင့် စစ်ဆေးရာ ယာဉ်မောင်း (၂) ဦး၌ ပိုးမတွေ့ရကြောင်း သိရသည်။



အတည်ပြုလူနာ ဆရာဝန်အား မြို့နယ်ပြည်သူ့ဆေးရုံရှိ COVID 19 ကုသဆောင်၌ ထားရှိကုသပေးမည်ဖြစ်ရာ ကုသမှုခံယူဆဲ အတည်ပြုလူနာ (၂)ဦးဖြစ်လာပြီး ကျန်အတည်ပြုလူနာများမှာ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်သည်။



လေကြောင်းခရီးဖြင့်သွားလာသူများကို မည်သည့်ဒေသမှလာသည်ဖြစ်စေ လေယာဉ်မစီးနင်းမီ COVID 19 စစ်ဆေးရပြီး stay at home သတ်မှတ်ထားသည့်ဒေသများမှ လာရောက်သူများသည် ရောက်ရှိရာဒေသ၌ အသွားအလာကန့်သတ်နေထိုင်ပြီး ထပ်မံ၍ စစ်ဆေးရခြင်းဖြစ်သည်။

Tachileik News Agency

သတင်း - သန်းဇော်(မိုင်းဆတ်)