တောင်အာဖရိကနိုင်ငံ၏ စပျစ်ခြံလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသူ (၂၇၀,၀၀၀) ခန့်ရှိပြီး ကမ္ဘာ့အကောင်းဆုံး ဝိုင်များအနက် အချို့ကို ထုတ်လုပ်နေသည်။
သို့သော် စပျစ်ခြံ အလုပ်အားလုံးကို လုပ်ကိုင်ရာတွင် လူသားများက အကောင်းဆုံး မဟုတ်ကြပေ။
စပျစ်ခြံ၏ အချို့အလုပ်များကို ဘဲများက လူသားများထက် ပိုမိုလုပ်ကိုင်နိုင်သည်ဟု ဆိုသည်။
တောင်အာဖရိက၏ မြို့တော် ကိပ်တောင်းမြို့ အပြင်ဘက် Eerste မြစ်ကမ်းနားရှိ နှစ်ပေါင်း (၃၀၀) သက်တမ်းရှိ ဝိုင်ထုတ်လုပ်ရေးလုပ်ငန်း Vergenoegd Löw The Wine Estate က ၎င်း၏ စပျစ်ခြံတွင် ပိုးမွှားများ ကင်းစင်စေရန် တစ်မူထူးခြားသော နည်းလမ်းတစ်ခုဖြစ်သည့် ဘဲတပ်ရင်းတစ်ခု သို့မဟုတ် ဘဲတစ်အုပ်ကို အသုံးပြုလာခဲ့သည်။
အာရှဒေသတွင် စပါးခင်းများ ပိုးမွှားကင်းစေရန် ဘဲများကို အသုံးပြုခြင်းကို အတုယူပြီး တောင်အာဖရိက ဝိုင်လုပ်ငန်းက ၎င်း၏ စပျစ်ခြံတွင် ပိုးမွှားကင်းစင်ရေး စစ်ဆင်ရေးလုပ်ရန် အကောင်ရေ (၁,၆၀၀) ခန့် ပါဝင်သည့် ဘဲတပ်ရင်းကို ခေါ်ယူခဲ့သည်ဟု ဆိုသည်။
"ကျွန်တော်တို့ရဲ့ ဘဲစစ်သည်တွေကို ခေါ်ယူခဲ့တယ်။ သူတို့က ဖြုတ်စိမ်းတွေ၊ ခရုတွေ၊ ပိုးကောင်တွေကို စားပစ်ကြပြီး စပျစ်ခြံကို ပိုးမွှား လုံးဝ ကင်းစင်စေပါတယ်" ဟု ဝိုင်ထုတ်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ Corius Visser က ပြောသည်။
ဘဲတပ်ရင်းက စပျစ်ခြံတွင် (၁၄) ရက်ကြာ ပိုးမွှားကင်းစင်ရေး စစ်ဆင်ရေး လုပ်ဆောင်ကြသည်။
ဘဲစစ်သည်များအတွက် တစ်နှစ်တာအတွင်း ခွင့်ရက်မှာ စပျစ်သီးများ ခူးဆွတ်ချိန် ဖြစ်သည်။ ထိုအချိန်အတွင်း ဘဲများက လယ်ကွင်းပြင်တွင် သွားလာနေထိုင်ကြပြီး အနီးအနားရှိ ရေကန်တွင် ရေကူးကြကြောင်းနှင့် သားပေါက်ကြသည်ဟု Visser က ပြောသည်။
ဘဲဥများကို စပျစ်ခြံ စားသောက်ဆိုင်တွင် စားသုံးကြသော်လည်း ဘဲများကိုမူ သတ်၍ ၎င်းတို့၏ အသား မည်သည့်အခါမျှ ချက်မစားကြဟု ဆိုသည်။
ဘဲများကိုစားခြင်းက လုပ်ဖော်ကိုင်ဖက်တစ်ဦးကို စားရသကဲ့သို့ ဖြစ်လိမ့်မည်ဟု ဝိုင်ထုတ်လုပ်ရေးလုပ်ငန်း၏ အရသာဆိုင်ရာဌာန မန်နေဂျာ Gavin Moyes က ပြောသည်။
Vergenoegd Löw ဝိုင်ထုတ်လုပ်ရေး၏ ဘဲတပ်ရင်းသုံးပြီး စပျစ်ခြံကို ပိုးမွှားကင်းစင်စေရန် တီထွင်ကြံဆထားသည့် နည်းလမ်းကို ၁၉၈၀ ပြည့်လွန် နှစ်များကတည်းက အသုံးပြုနေခဲ့ကြောင်း သိရသည်။
Source: CNN
Photo: Rodger Bosch/AFP/Getty Images, Vergenoegd Löw The Wine Estate