ဗီယက်နမ်နိုင်ငံတွင် ချစ်သူအပေါ် 'သစ္စာရှိမှု စမ်းသပ်ခြင်း' အွန်လိုင်းဝန်ဆောင်မှုများကို အသုံးပြုလာကြ

ဗီယက်နမ်နိုင်ငံတွင် ချစ်သူအပေါ် 'သစ္စာရှိမှု စမ်းသပ်ခြင်း' အွန်လိုင်းဝန်ဆောင်မှုများကို အသုံးပြုလာကြ
စက်တင်ဘာ 24, 2023 | နိုင်ငံတကာသတင်း
By Mr John

 အွန်လိုင်းခေတ် ဖြစ်လာမှုနှင့်အတူ မိမိ၏ ချစ်သူက မိမိအပေါ် သစ္စာရှိ မရှိ စစ်ဆေးပေးသည့် 'သစ္စာရှိမှု စမ်းသပ်ခြင်း' အွန်လိုင်းဝန်ဆောင်မှုကို အသုံးပြုသူများစွာ ရှိလာသည်။ 

ထိုဝန်ဆောင်မှုက အလုပ်အပ်နှံသူ၏ လက်တွဲဖော် ချစ်သူကို အွန်လိုင်းမှတစ်ဆင့် ကလူသလို မြှူသလိုဖြင့် ဆွဲဆောင်ပြီး လက်ရှိ ချစ်သူအပေါ် သစ္စာဖောက်ရန် ကြိုးစားခြင်းရှိ မရှိ စစ်ဆေးပေးသည်။

'သစ္စာရှိမှု စမ်းသပ်သူများ' မှာ ၂၀၂၃ ခုနှစ် အစပိုင်းတွင် ဗီယက်နမ် ဆိုရှယ်မီဒီယာ၌ ခေတ်စားလာခဲ့ပြီး ယခုအခါ အွန်လိုင်းတွင် အလွယ်တကူ ရှာဖွေနိုင်ကာ ထောင်နှင့်ချီသော အခကြေငွေး ပေးရသည့် ဝန်ဆောင်မှုနှင့် အခမဲ့ ဝန်ဆောင်မှုများကို တွေ့ရှိနိုင်သည်။ 

ဗီယက်နမ်နိုင်ငံတွင် အလွန် လူသုံးများနေဆဲ ဆိုရှယ်မီဒီယာဖြစ်သည့် Facebook တစ်ခုတည်းပေါ်တွင် 'သစ္စာရှိမှု စမ်းသပ်သူများ' ရာနှင့်ချီ ရှိနေသည်။

သို့သော် မိမိ၏ချစ်သူကို သစ္စာရှိ မရှိ ထိုပုံစံမျိုးဖြင့် စမ်းသပ်ခြင်းက အချစ်ရေးတွင် ကြိုတင်မခန့်မှန်းနိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများ ရှိလာနိုင်ကြောင်း စိတ်ပညာရှင်များက သတိပေးထားကြသည်။ 

နည်းပညာက ယခင်ကထက် လူများနှင့် အပြန်အလှန် ဆက်သွယ်ပြောဆိုရာတွင် ပိုမို လွယ်ကူစေရန် ဖန်တီးပေးပြီး မိမိ၏ ချစ်သူကို သစ္စာဖောက်ရန်လည်း လွယ်ကူလာစေသည်ဟု ဆိုသည်။

အသက် (၂၃) နှစ်အရွယ် ဗီယက်နမ်အမျိုးသမီး Pham Minh Ngoc က 'သစ္စာရှိမှု စမ်းသပ်ခြင်း' ဝန်ဆောင်မှုပေးသူတစ်ဦး ဖြစ်သည်။ 

သူမ၏ လုပ်ငန်းစဥ်မှာ ရိုးရှင်းကြောင်းနှင့် စမ်းသပ်မည့် ပစ်မှတ်ထားသူကို စာတိုများ ပေးပို့နေမည်ဖြစ်ပြီး လိုအပ်ပါက တခါတရံ ကလူသလို မြှူသလိုဖြင့် ဆွဲဆောင်သော အရေးအသားများ ပါဝင်သည်။ 

ထိုနည်းလမ်းဖြင့် ပစ်မှတ်ထား စမ်းသပ်ခံရသူက ၎င်း၏ ချစ်သူအပေါ် သစ္စာဖောက်ခြင်းရှိ မရှိကို သိရှိလာနိုင်ခြင်း ဖြစ်သည်။

Pham ၏ 'သစ္စာရှိမှု စမ်းသပ်ခြင်း' ဝန်ဆောင်ခမှာ ပစ်မှတ်တစ်ခုအတွက် ဗီယက်နမ်ဒေါင်ငွေ (VND) (၂၀၀,၀၀၀) (အမေရိကန်ဒေါ်လာ ၈.၂) ဖြစ်ပြီး ကြိုတင်ပေးချေရသည်။ 

သူမ၏ ဝန်ဆောင်မှုကို နေ့စဥ် လူ (၁၀၀) ကျော်က စုံစမ်းမေးမြန်းလေ့ရှိကြောင်း Pham က ခန့်မှန်းပြီး အများစုမှာ အသက် (၁၆) နှစ်နှင့် (၂၅) နှစ်ကြားဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံမှ 'သစ္စာရှိမှု စမ်းသပ်သူ' နောက်တစ်ဦးဖြစ်သည့် (၂၇) နှစ်အရွယ် ဗီယက်နမ်အမျိုးသား Manh Hung ကမူ အင်္ဂလိပ်နှင့် ကိုရီးယား ဘာသာစကား (၂) ခုလုံးဖြင့်လည်း ဝန်ဆောင်မှုပေးနေသည်။ 

၎င်းက နိုင်ငံခြားသား ပစ်မှတ်များကို ချဥ်းကပ်နိုင်ပြီး ဝန်ဆောင်ခမှာ ပစ်မှတ်တစ်ခုအတွက် ဗီယက်နမ်ဒေါင်ငွေ (၅၀၀,၀၀၀) (အမေရိကန်ဒေါ်လာ ၂၀ ကျော်) ဖြစ်သည်။ 

Manh ၏ အတွေ့အကြုံအရ ပစ်မှတ်ထား စမ်းသပ်ခဲ့သူ (၃၀) ဦးတွင် (၂၆) ဦးမှာ ၎င်း၏ လှည့်စားမှုနှင့် စမ်းသပ်မှု ထောင်ချောက်အတွင်း ကျရောက်ခဲ့ကြပြီး ၎င်းတို့၏ ချစ်သူအပေါ် သစ္စာဖောက်ကြသည်ဟု ဆိုသည်။

#TachileikNewsAgency

Source: VN Express