တရုတ်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် ငလျင်ကြောင့် (၂)ရက်အတွင်း သေဆုံးသူ (၇၄) ဦးအထိ ရှိလာ

တရုတ်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် ငလျင်ကြောင့် (၂)ရက်အတွင်း သေဆုံးသူ (၇၄) ဦးအထိ ရှိလာ
စက်တင်ဘာ 7, 2022 | နိုင်ငံတကာသတင်း
By Mr John

 တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် စက်တင်ဘာလ (၅) ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး (၆.၈) အဆင့်ရှိ ငလျင်ကြောင့် သေဆုံးသူ(၃၀)ကျော်ရှိနေရာမှာ ယခုအခါတွင် သေဆုံးသူ အရေအတွက်အမှာ (၇၄) ဦးအထိ ရှိလာကြောင်း အစိုးရမီဒီယာက စက်တင်ဘာလ (၇) ရက်နေ့တွင် ဖော်ပြသည်။ 

ငလျင်ဗဟိုချက်နေရာသို့ ဆက်သွယ်ထားသော လမ်းများတွင် အပျက်အစီးများကို ရှင်းလင်းပြင်ဆင်ပြီးဖြစ်ကာ ယာဥ်အသွားအလာ ပြန်လည် စတင်နိုင်ပြီဟု ဆိုသည်။

စီချွမ်ပြည်နယ်တွင် (၂၀၁၇) ခုနှစ်နောက်ပိုင်း ယခု ၂၀၂၂ခုနှစ်တွင် အင်အားအပြင်းထန်ဆုံး ငလျင်လှုပ်မှုကြောင့် ဒဏ်ရာရသူအရေအတွက်မှာ စုစုပေါင်း (၂၅၉) ဦးဖြစ်ခဲ့ကြောင်းနှင့်

စက်တင်ဘာလ (၆) ရက် ညပိုင်းအထိ ပျောက်ဆုံးနေသူ (၂၆) ဦးရှိကြောင်း တရုတ်သတင်းဌာန People's Daily က သတင်းဖော်ပြသည်။ 

ယခုငလျင်ကြောင့် အဆောက်အအုံများစွာ ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်ဓာတ်အားနှင့် ရေပေးဝေမှုဆိုင်ရာ အခြေခံအဆောက်အအုံများ ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်းနှင့် ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်ခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားတွေက ငလျင်လှုပ်ပြီးနောက် သောင်တင်ပိတ်မိနေသူများထံ အလျင်အမြန် ရောက်ရှိလာခဲ့ကြပြီး အသုံးအဆောင်များနှင့် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ခဲ့ကြသည်။ ငလျင်လှုပ်ပြီးနောက် စက်တင်ဘာလ (၆) ရက်နေ့တွင် ငလျင်ဗဟိုပြု လှုပ်ခတ်ခဲ့သည့် Luding မြို့မှ လူဦးရေ (၁၁,၀၀၀) ကို ရွှေ့ပြောင်းပေးခဲ့သည်။

စက်တင်ဘာလ (၇) ရက် အစောပိုင်းတွင် China Earthquake Networks Centre က ထုတ်ပြန်ချက်အရ ငလျင်ဗဟိုချက်နေရာတွင် ရစ်ချ်တာစကေး (၃) အဆင့်ရှိ နောက်ဆက်တွဲ ငလျင်တစ်ခု လှုပ်ခဲ့ကြောင်းလည်း သိရသည်။ ထိုအတောအတွင်း ငလျင်လှုပ်ခဲ့သည့် စီချွမ်ပြည်နယ်တွင် လာမည့် စက်တင်ဘာလ (၉) ရက်နေ့အထိ မိုးသည်းထန်နိုင်သည်ဟု မိုးလေဝသဌာနကလည်း သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

Source: Reuters

Photo: China Daily, CGTN , cnsphoto,