ထိုင်းစစ်သားတစ်ဦး စိတ်ဖောက်ပြန်ပြီး သေနတ်ဖြင့် ပစ်ခတ်၍ လူ (၂) ဦး သေဆုံးကာ (၁)ဦး ဒဏ်ရာရ

ထိုင်းစစ်သားတစ်ဦး စိတ်ဖောက်ပြန်ပြီး သေနတ်ဖြင့် ပစ်ခတ်၍ လူ (၂) ဦး သေဆုံးကာ (၁)ဦး ဒဏ်ရာရ
စက်တင်ဘာ 15, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စစ်သင်တန်းကျောင်းတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမကောင်းသူဆိုသည့် တပ်ကြပ်ကြီးတစ်ဦးက လုပ်ဖော်ကိုင်ဖက် (၂) ဦးကို ပစ်သတ်ခဲ့ပြီး နောက်ထပ်တစ်ဦးလည်း သေနတ်ကျည်ထိမှန်ဒဏ်ရရခဲ့ကြောင်း သိရသည်။ 

ဘန်ကောက်မြို့ Dusit ခရိုင်ရှိ Army Training Command ၏ Army War College တွင် စက်တင်ဘာလ (၁၄) ရက်နေ့ ဒေသစံတော်ချိန် နံနက်ပိုင်း(၉)နာရီခွဲဝန်းကျင်အချိန်က ထိုပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အထူးရဲတပ်ဖွဲ့ကို စစ်သင်တန်းကျောင်းက နံနက် (၈) နာရီ(၄၅) မိနစ်ခန့်တွင် ပစ်ခတ်မှုဖြစ်ပွားကြောင်း အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ 

ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရကြောင်း ကနဦး သတင်းများက ဖော်ပြခဲ့သည်။ 

ပြောခွင့်ရအမျိုးသား၏ အဆိုအရ ပစ်ခတ်သူမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမကောင်းသည့် စစ်သားတစ်ဦးဖြစ်ပြီး ၎င်းက လူ (၁) ဦးကို သတ်မည်ဟုခြိမ်ခြောက်ခဲ့ကြောင်း သိရသည်။

နောက်ပိုင်းတွင် ထိုင်းစစ်တပ်၏ လက်ထောက် ပြောခွင့်ရအမျိုးသမီး ဗိုလ်မှူးကြီး Sirichan Ngathong က ပစ်ခတ်သူမှာ Army War College တွင် တာဝန်ထမ်းဆောင်နေသူ အသက် (၅၉) နှစ်အရွယ် တပ်ကြပ်ကြီးစာရေး Yongyut Mangkornkim ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ 

နံနက် (၈) နာရီ (၄၅) မိနစ်ခန့်တွင် တပ်ကြပ်ကြီး Yongyut က အုပ်ချုပ်ရေးရုံးအတွင်းသို့ သေနတ်တစ်လက်ကိုင်ဆောင်ကာ ဝင်ရောက်လာခဲ့ပြီးနောက် ပစ်ခတ်ခဲ့ခြင်းကြောင်း ဗိုလ်မှူးကြီး Sirichan က ပြောသည်။

၎င်း၏ ပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီး Nopparat Intarasunthorn နှင့် တပ်ကြပ်ကြီး Prakan Sinsong တို့ သေဆုံးခဲ့ပြီး တပ်ကြပ်ကြီး Yongyuth Panyanuwat ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

၎င်းတို့အားလုံးမှာ Army War College တွင် တစ်ရုံးတည်း တာဝန်ထမ်းဆောင်နေကြသည့် တပ်ကြပ်ကြီးစာရေးများဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး Sirichan က ပြောသည်။ 

ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရခဲ့သည့် တပ်ကြပ်ကြီး Panyanuwat ကို Phramongkutklao ဆေးရုံသို့ ပို့ဆောင်ပြီး အရေးပေါ် ကုသပေးနေသည်ဟု ဆိုသည်။

တပ်ကြပ်ကြီး Yongyut က ပစ်ခတ်ပြီးနောက် ရုံးခန်းအဆောက်အအုံမှ ထွက်လာခဲ့ပြီး Army Training Command စစ်သင်တန်းကျောင်းရှေ့တွင် စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့က ၎င်းကို ချက်ချင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ အကြောင်းရင်းကို စုံစမ်းစစ်ဆေးသွားမည်ဟု ဗိုလ်မှူးကြီး Sirichan က ဆိုသည်။ 

Army War College အုပ်ချုပ်ရေးရုံးမှ သတင်းအချက်အလက်အရ ပစ်ခတ်မှုကျူးလွန်ခဲ့သည့် တပ်ကြပ်ကြီး Yongyut မှာ စိတ်ဖိစီးနေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာများရှိကြောင်း သိရသည်။ 

၎င်းမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမကောင်းသည့် မှတ်တမ်းရှိသူဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း စစ်သားတစ်ဦးက (၁၇) နာရီကြာ ဒေါသတကြီး ရမ်းကားတိုက်ခိုက်မှုအတွင်း လူ (၂၉) ဦးကို ပစ်သတ်ခဲ့ပြီး အများအပြား သေနတ်ဒဏ်ရာများရခဲ့ကြသည်။ 

Nakhon Ratchasima ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တွင် အဆိုပါ စစ်သားကို ကွန်မန်ဒိုတပ်ဖွဲ့ဝင်များက အသေပစ်သတ်ခဲ့ကြောင်း သိရသည်။

Source: Bangkok Post

Photos: Bangkok Post Photographers ,Army times Thailand