ထိုင်းနိုင်ငံတွင်း ပြည်နယ် (၈) ခုအတွက် ရုတ်တရက် ရေကြီးရေလျှံမှု သတိပေးချက်များ ထုတ်ပြန်

ထိုင်းနိုင်ငံတွင်း ပြည်နယ် (၈) ခုအတွက် ရုတ်တရက် ရေကြီးရေလျှံမှု သတိပေးချက်များ ထုတ်ပြန်
အောက်တိုဘာ 18, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ထိုင်းနိုင်ငံတွင် ယခုသီတင်းပတ်အတွင်း မိုးပိုမိုရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပြီး အာဏာပိုင်များက တောင်ပိုင်းပြည်နယ် (၈) ခုအတွက် ရုတ်တရက် ရေကြီးရေလျှံမှု သတိပေးချက်များ အောက်တိုဘာလ (၁၇) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ 

ထိုင်းနိုင်ငံ၏ ပြည်နယ်များအနက် (၄၀) ရာခိုင်နှုန်းမှာ ရေနစ်မြုပ်နေဆဲဖြစ်ပြီး ရေကြီးမှုများ ကြုံနေရကြောင်းလည်း သိရသည်။

ထိုင်းအာဏာပိုင်များက ရေကြီးရေလျှံမှု သတိပေးချက်ထုတ်ပြန်ခဲ့သည့် နေရာများတွင် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိသည့် ဖူးခက်ကျွန်းလည်း ပါဝင်သည်။ 

ဖူးခက်တွင် အောက်တိုဘာလ (၁၆) ရက်နေ့က ရုတ်တရက် ရေကြီးမှုကြောင့် နေရာအချို့၌ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းများ အခက်အခဲ ကြုံခဲ့ရသည်။ 

ဖူးခက်ကျွန်း၏ အဓိကမြို့တွင် ရေတပ်အမှုထမ်းများက ဒူးခေါင်းအထိနက်သည့် ရေကြီးနေမှုအတွင်း သက်ကြီးရွယ်အိုများကို ကျောပိုးသယ်ဆောင်ပေးခဲ့ကြသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် အပူပိုင်းမုန်တိုင်းများကြောင့် ထိုင်းနိုင်ငံ၏ ပြည်နယ် (၇၇) ခုအနက် (၅၉) ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်ပေါင်း (၄၅၀,၀၀၀) ရေဘေးသင့်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။ 

လယ်ယာစိုက်ပျိုး‌ရေး အဓိကနေရာများဖြစ်သည့် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် စိုက်ပျိုးမြေဧက (၁၀၇,၂၀၀) ပျက်စီးခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထုတ်ပြန်သည်။

ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ရေကြီးမှုအတွင်း သောင်တင်နေသူများကို ကူညီရန် နိုင်ငံတဝန်း စက်လှေများနှင့် မော်တော်ယာဥ်များ ဖြန့်ကျက်ထားရန်နှင့် ဖြစ်နိုင်သည့်နေရာများတွင် အကူအညီများ ထောက်ပံ့ပေးရန် အာဏာပိုင်များကို ညွှန်ကြားထားသည်။ 

ထိုင်းအစိုးရက အကူအညီနှင့် ရေဘေးပြည်လည်ထူထောင်ရေးအတွက် ထိုင်းဘတ်ငွေ (၂၃) ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၀၂.၀၉) သန်း သီးသန့်ဖယ်ထားရန် ဆုံးဖြတ်ခဲ့သည်။ 

ထိုင်းနှင့်အိမ်နီးချင်း မလေးရှားနိုင်ငံတွင်လည်း  Nesat အပူပိုင်းမုန်တိုင်းကြောင့် Sabah, Sarawak Labuan တို့အတွက် မိုးရွာသွန်းမှုသတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

Source: Reuters