မလေးရှားလေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဥ် ပစ်ချခံရပြီး လူ(၃၀၀)နီးပါ သေဆုံးမှုမှာ ရုရှားလုပ် ဒုံးကျည်ဖြင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း တရားရုံးက စစ်ဆေးတွေ့ ရှိ

မလေးရှားလေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဥ် ပစ်ချခံရပြီး လူ(၃၀၀)နီးပါ သေဆုံးမှုမှာ ရုရှားလုပ် ဒုံးကျည်ဖြင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း တရားရုံးက စစ်ဆေးတွေ့ ရှိ
နိုဝင်ဘာ 18, 2022 | နိုင်ငံတကာသတင်း
By Mr John

 ၂၀၁၄ ခုနှစ်က ပျက်ကျခဲ့သည့် မလေးရှားလေကြောင်းလိုင်း Malaysia Airlines ၏ MH17 ခရီးသည်တင်လေယာဥ်မှာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ လယ်ကွင်းတစ်ခုမှ ရုရှားလုပ် ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရခြင်းဖြစ်ပြီး ထိုလေယာဥ် ပစ်ချခံရချိန်တွင် ခွဲထွက်ရေးတပ်ဖွဲ့များကို ရုရှားက ထိန်းချုပ်ထားခဲ့ကြောင်း နယ်သာလန်တရားရုံးက နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ပြောကြားလိုက်သည်။

လေယာဥ်ကို ဒုံးကျည်ဖြင့် ပစ်ချရာတွင် ၎င်းတို့၏ ပါဝင်ပတ်သက်မှုအတွက် လူအစုလိုက်အပြုံလိုက်ကို သတ်မှုဖြင့် စွပ်စွဲခံထားရသော ရုရှားနှင့် ဆက်နွယ်မှုရှိသည့် အမျိုးသား (၄) ဦး၏ အမှုကို နယ်သာလန်တရားရုံးက ကြားနာစစ်ဆေးခဲ့ပြီး (၃) ဦးကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။ 

မလေးရှားလေကြောင်းလိုင်း၏ MH17 ခရီးသည်တင်လေယာဥ်မှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့က ယူကရိန်းအရှေ့ပိုင်း ကောင်းကင်ယံတွင် ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရပြီး လိုက်ပါလာသည့် ခရီးသည်နှင့် လေယာဥ်အမှုထမ်း (၂၉၈) ဦးလုံး သေဆုံးခဲ့သည်။

ထိုဖြစ်ရပ်တွင် ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သော သံသယရှိသူ အားလုံးမှာ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သော်လည်း တရားရုံးဆုံးဖြတ်ချက်က အရေးပါသည့် သမိုင်းမှတ်တိုင်ဖြစ်လိမ့်မည်ဟု သေဆုံးခဲ့သူတို့၏ ကိုယ်စားလှယ်များက ပြောကြသည်။ 

ခရီးသည်တင်လေယာဥ်ကို ဒုံးကျည်ဖြင့် ပစ်ချမှုအတွက် စွဲချက်တင်ခံထားရသူ အားလုံးမှာ ရုရှားနိုင်ငံတွင် ရှိနေသည်ဟု ယူဆရပြီး ရုရှားက ၎င်းတို့ကို လွှဲပြောင်းပေးလိမ့်မည်မဟုတ်ဟု ဆိုသည်။

MH17 လေယာဥ် ပစ်ချခံရမှုတွင် ပါဝင်ပတ်သက်ခြင်း သို့မဟုတ် တာဝန်ရှိခြင်းနှင့် ပတ်သက်၍ ရုရှားက ငြင်းဆိုထားပြီး ၂၀၁၄ ခုနှစ်က ယူကရိန်းတွင် မည်သည့် ပါဝင်မှုမျှ မရှိခဲ့ကြောင်းလည်း ငြင်းဆိုခဲ့သည်။ 

ရုရှားထောက်လှမ်းရေး အရာရှိဟောင်း (၃) ဦးနှင့် ယူကရိန်း ခွဲထွက်ရေးတပ်ဖွဲ့ခေါင်းဆောင်တို့က ရုရှားစစ်တပ်မှ BUK ဒုံးကျည်ကို ယူကရိန်းနိုင်ငံအတွင်းသို့ စီစဥ်ပို့ဆောင်ရာတွင် ကူညီခဲ့ကြကြောင်း အစိုးရရှေ့နေများက ပြောသည်။ 

MH17 လေယာဥ်ကို ပစ်ချရန် ထိုဒုံးကျည်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ (၄) ဦးကို လေယာဥ်တစ်စီးအား ပစ်ချမှုနှင့် လူသတ်မှုတို့ဖြင့် နယ်သာလန်နိုင်ငံ ဥပဒေအရ တရားရုံးတွင် ကြားနာစစ်ဆေးခဲ့သည်။ 

အကယ်၍ Hague District Court တရားရုံးက ယခုလုပ်ရပ်မှာ ကြိုတင်ကြံစည်ထားခြင်းမရှိကြောင်း တွေ့ရှိရပါက အဆိုပါ သံသယရှိသူ (၄) ဦးကို လူသေစေမှုဖြင့် စွဲချက်တင် ပြစ်ဒဏ်ချမှတ်နိုင်ကြောင်းလည်း သိရသည်။

ကြားဖြတ်ဖမ်းယူခဲ့သည့် ဖုန်းပြောဆိုမှု မှတ်တမ်းများအရ ထိုအမျိုးသား (၄) ဦးက ၎င်းတို့အနေဖြင့် ယူကရိန်းစစ်တပ်၏ ဂျက်တိုက်လေယာဥ်တစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ယူဆခဲ့ကြကြောင်း တွေ့ရသည်။ 

စွဲချက်တင်ခံရသည့် အမျိုးသားများအနက် (၃) ဦးကို မျက်ကွယ်တွင် ကြားနာစစ်ဆေးခဲ့ပြီး Oleg Pulatov အမည်ရှိ စတုတ္တမြောက် အမျိုးသားကမူ ၎င်း၏ ရှေ့နေများမှတစ်ဆင့် အပြစ်မရှိကြောင်း လျှောက်လှဲချက်ပေးခဲ့သည်။ 

စွဲချက်တင်ခံရသူ (၄) ဦးလုံး တရားရုံး ကြားနာစစ်ဆေးမှုသို့ မလာရောက်ခဲ့ပေ။

ယူကရိန်းကောင်းကင်ယံတွင် ဒုံးကျည်ဖြင့် ပစ်ချခံရသည့် MH17 ခရီးသည်တင်လေယာဥ်က နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ပျံသန်းလာခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများမှာ နိုင်ငံ (၁၀) ခုမှ ဖြစ်သည်။ 

ထိုလေယာဥ်ပေါ်တွင် လိုက်ပါလာသူ ထက်ဝက်ကျော်မှာ ဒတ်ချ်လူမျိုးများ ဖြစ်ကြသည်။ 

MH17 လေယာဥ်ဖြစ်ရပ် စုံစမ်းစစ်ဆေးမှုကို နယ်သာလန်နိုင်ငံက ဦးဆောင်ပြီး ယူကရိန်း၊ မလေးရှား၊ ဩစတြေးလျနှင့် ဘယ်လ်ဂျီယံ နိုင်ငံများက ပူးပေါင်းပါဝင်ခဲ့သည်။

လေယာဥ်ကို ဒုံးကျည်ဖြင့် ပစ်ချမှုအတွက် သံသယရှိသူများမှာ ရုရှားနိုင်ငံသားများဖြစ်ကြသည့် Igor Girkin, Sergey Dubinskiy နှင့် Oleg Pulatov တို့နှင့် ယူကရိန်းနိုင်ငံသား ခွဲထွက်ရေးတပ်ဖွဲ့ခေါင်းဆောင် Leonid Kharchenko တို့ဖြစ်ကြောင်း သိရသည်။ 

၎င်းတို့အနက် Oleg Pulatov ကို တရားရုံးက အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ 

Oleg Pulatov က ဒုံးကျည်အကြောင်းကို သိထားခဲ့သော်လည်း တရားသူကြီးများက အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Source: Reuters