ရုရှားတပ်များ၏ ပိတ်ဆို့ထားမှုကြောင့် ပိတ်မိနေသည့် သံမဏိစက်ရုံအတွင်းထဲက အရပ်သားများကို ရွှေ့ပြောင်း

ရုရှားတပ်များ၏ ပိတ်ဆို့ထားမှုကြောင့် ပိတ်မိနေသည့် သံမဏိစက်ရုံအတွင်းထဲက အရပ်သားများကို ရွှေ့ပြောင်း
By Mr John

ရုရှားတပ်ဖွဲ့တွေက ဝိုင်းပတ်ပိတ်ဆို့ထားသည့် မာရီယူပိုးမြို့ရှိ Azovstal သံမဏိစက်ရုံကြီးထဲက သက်ကြီးရွယ်အိုများ နှင့် အမျိုးသမီးများ အပါအဝင် ကလေးများ အားလုံးကို ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း ယူကရိန်းနှင့် ရုရှားက ကြေညာခဲ့သည်။

ရွှေ့ပြောင်းမှုများကို ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လွန်ခဲ့သည့် တစ်ပတ်တွင် စတင်ခဲ့ကြောင်း သိရသည်။



အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခံထားရသည့် အဆိုပါ သံမဏိစက်ရုံကြီးကို ယူကရိန်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်ပြီး ထိုနေရာမှာ ရုရှားထိန်းချုပ်မှုအောက် မရောက်ရှိသေးသည့် မာရီယူပိုးမြို့၏ နောက်ဆုံး အစိတ်အပိုင်းလည်း ဖြစ်သည်။

ရုရှားတပ်ဖွဲ့တွေက စက်ရုံကို ရက်သတ္တပတ်များကြာ ဝိုင်းထားခဲ့ပြီး စက်ရုံအတွင်းမှ ခုခံတိုက်ခိုက်နေသည့် ယူကရိန်း Azov တပ်ရင်းမှ စစ်သားများကို လက်နက်ချရန် တောင်းဆိုနေခဲ့သည်။



ယခုအခါ ထိုစက်ရုံကြီးအတွင်း ပိတ်မိနေခဲ့သည့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးများကို ရွှေ့ပြောင်းပေးခဲ့ပြီဖြစ်ပြီး မည်သည့်နေရာသို့ ပို့ဆောင်ခဲ့ကြောင်းကိုမူ အတိအကျ မသိရသေးကြောင်း BBC သတင်းက ဖော်ပြသည်။

သို့သော် ယူကရိန်းနိုင်ငံ၏ ဒုဝန်ကြီးချုပ် Iryna Vereshchuk က လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဥ် ယခု ပြီးမြောက်ခဲ့ပြီဟု ပြောသည်။



ယခင်ရွှေ့ပြောင်းမှုများတွင် ယူကရိန်းထိန်းချုပ်နယ်မြေသို့ ရောက်ရှိရန် ရက်များအကြာ အချိန်ယူရသည်ဟု ဆိုသည်။

သံမဏိစက်ရုံမှ အရပ်သား (၃၀၀) ကျော်ကို ကယ်ထုတ်ခဲ့ပြီးဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက ပြောခဲ့သလို  ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်လည်း ထိုအရေအတွက်ထက် လျော့နည်းနေပြီး သုံးရက်အတွင်း လူ (၅၁) ဦးကို ရွှေ့ပြောင်းပေးခဲ့သည်ဟု ဆိုသည်။



မာရီယူပိုးကို သိမ်းပိုက်ရန်မှာ ရုရှားတပ်ဖွဲ့တွေအတွက် အရေးကြီးပြီး ခရိုင်မီးယားနှင့် ဒွန်ဘတ်စ်ဒေသကြား ဆက်သွယ်သွားလာရေး လမ်းကြောင်းရရှိမည် ဖြစ်သည်။



ထို့အတူ ယူကရိန်း၏ ပင်လယ်နက်ကမ်းရိုတန်း (၈၀) ရာခိုင်နှုန်းကျော်ကို အပြည့်အဝ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

သို့သော် မာရီယူပိုးကို သိမ်းပိုက်နိုင်ရန် ရုရှားတပ်ဖွဲ့တွေက အကြီးအကျယ် တိုက်ခိုက်နေခဲ့ရာ မြို့၏ (၉၀) ရာခိုင်နှုန်းကျော်မှာ ထိခိုက်ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။



Source: BBC

Photo: GETTY IMAGES, EPA, REUTERS/Serhii Nuzhnenko