ရုရှားနိုင်ငံ၏ ကျူးကျော်စစ်ကြောင့် ရုရှားကြောင်များ နိုင်ငံတကာ ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံရ

ရုရှားနိုင်ငံ၏ ပြိုင်ပွဲဝင်ကြောင် [ Photo: FIFe - Fédération Internationale Féline ]
ရုရှားနိုင်ငံ၏ ပြိုင်ပွဲဝင်ကြောင် [ Photo: FIFe - Fédération Internationale Féline ]
ရုရှားနိုင်ငံ၏ ကျူးကျော်စစ်ကြောင့် ရုရှားကြောင်များ နိုင်ငံတကာ ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံရ

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်နေမှုကြောင့် နိုင်ငံတကာက ရုရှားအပေါ် နည်းလမ်းမျိုးစုံဖြင့် ပိတ်ဆို့မှုများ ပြုလုပ်နေရာ ရုရှားကြောင်များပါ နိုင်ငံတကာ ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံလိုက်ရပြီဖြစ်သည်။

အခြားနိုင်ငံတစ်ခုကို ကျူးကျော်စစ်ဆင်နွှဲနေသည့် ရုရှားနိုင်ငံတွင် နေထိုင်သူများ၊ ရုရှားလူမျိုးများပိုင်သည့် အိမ်မွေးကြောင်များကို  မည်သည့်နိုင်ငံတကာပြိုင်ပွဲတွင်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးမည် မဟုတ်ကြောင်း နိုင်ငံပေါင်း (၄၀)မှ ကြောင်ပိုင်ရှင်များ အဖွဲ့ဝင်ထားကြသည့် FIFe - Fédération Internationale Féline အဖွဲ့က  ၂၀၂၂ ခုနှစ် မတ်လ (၁) ရက်နေ့တွင် ပြောကြားထားခြင်းဖြစ်သည်။



အဆိုပါ ကန့်သတ်ချက်ကို မေလ (၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး အခြေအနေအရ ဆုံးဖြတ်ချက် ထပ်မံချမှတ်မည်ဟုဆိုသည်။

ယူကရိန်းနိုင်ငံတွင်း အပြစ်မဲ့ပြည်သူများစွာ သေဆုံးရပြီး ပြည်သူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသည့် ရုရှား၏ ထိတ်လန့်ဖွယ် ကျူးကျော်တိုက်ခိုက်မှုကို ထိတ်လန့်တုန်လှုပ်ရကြောင်း နိုင်ငံပေါင်း (၄၀)မှ ကြောင်ပိုင်ရှင်များ အဖွဲ့ဝင်ထားကြသည့် FIFe - Fédération Internationale Féline အဖွဲ့က  ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်သည့် ရုရှားကို နိုင်ငံတကာက ပိတ်ဆို့မှုများစွာ ပြုလုပ်နေပြီး မတ်လ (၂)ရက်နေ့က ကျင်းပခဲ့သည့် ကုလအထွေထွေညီလာခံတွင်လည်း ရုရှား၏ ကျူးကျော်စစ်ကို ရှုတ်ချပြီး ယူကရိန်းမှတပ်များ ရုတ်သိမ်းပေးရန် ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ရာတွင်လည်း နိုင်ငံပေါင်း (၁၄၁)နိုင်ငံက ထောက်ခံမဲ၊ ကြားနေ (၃၅)နိုင်ငံနှင့် ကန့်ကွက် (၅)နိုင်ငံရှိခဲ့ခြင်းဖြစ်သည်။



ယင်းဆုံးဖြတ်ချက်အား ရုရှား၊ မြောက်ကိုရီးယား၊ ဘယ်လာရုစ်၊ ဆီးရီးယားနှင့် အီရီးတေးရီးယား (၅) နိုင်ငံက ကန့်ကွက်ခဲ့ကြခြင်းဖြစ်ပြီး မြန်မာက ထောက်ခံမဲပေးထားခြင်းဖြစ်သည်။