အမေရိကန်က ထိုင်ဝမ်ကို  အဆင့်မြင့်လက်နက်များ ရောင်းပေးမည့် ကိစ္စ  တရုတ်အစိုးရ ဒေါသထွက်

Photo: Johnson Lai/AP
Photo: Johnson Lai/AP
အမေရိကန်က ထိုင်ဝမ်ကို  အဆင့်မြင့်လက်နက်များ ရောင်းပေးမည့် ကိစ္စ  တရုတ်အစိုးရ ဒေါသထွက်
စက်တင်ဘာ 5, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်နိုင်ငံက ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ (၁.၁) ဘီလီယံ တန်ဖိုးရှိ လက်နက်များရောင်းချရန် သဘောတူလိုက်ပြီဖြစ်ရာ တရုတ်နိုင်ငံအတွက် ဒေါသထွက်စရာ ဖြစ်လာသည်။ 

အမေရိကန်က ရောင်းချသွားမည့် စစ်လက်နက်ပစ္စည်းများအနက် အဓိကအားဖြင့် တိုက်ခိုက်လာမှုများကို စောင့်ကြည့်ရေဒါ စနစ်၊ သင်္ဘောဖျက်ဒုံးကျည်များနှင့် လေကြောင်းဒုံးကျည် ကာကွယ်ရေးစနစ်တို့ ပါဝင်ကြောင်း သိရသည်။

(၂၅) နှစ်အတွင်း အမေရိကန် ထိပ်တန်းတာဝန်ရှိသူတစ်ဦး၏ ပထမဆုံး ထိုင်ဝမ်ခရီးစဥ်အဖြစ် ဩဂုတ်လအတွင်း အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီက ထိုင်ဝမ်ကိုသွားရောက်ခဲ့ပြီးနောက် ယခု လက်နက်ရောင်းချမည့် အစီအစဥ်ကို သဘောတူလိုက်ခြင်းလည်း ဖြစ်သည်။ 

ဝါရှင်တန်ရှိ တရုတ်သံရုံး ပြောခွင့်ရပုဂ္ဂိုလ် Liu Pengyu ကမူ လက်နက်အရောင်းအဝယ်ကိစ္စက အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးရွာစွာ ထိခိုက်ကြောင်း ပြောခဲ့သည်။

"အခြေအနေ ဖြစ်ပေါ်မှုတွေကို တရုတ်က တရားဝင်နဲ့ လိုအပ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ ပြတ်ပြတ်သားသား လုပ်ဆောင်သွားမှာပါ" ဟု ၎င်းက ဖြည့်စွက် ပြောသည်။ 

တရုတ်က ထိုင်ဝမ်ကို ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပိုင်နက်နယ်မြေအဖြစ်သာ သတ်မှတ်ထားပြီး ပြန်လည်ပေါင်းစည်းရေး လိုအပ်ပါက စစ်ရေးအင်အားအသုံးပြုမည်ဟု ထုတ်ပြောထားသည်။

ဩဂုတ်လအစောပိုင်းတွင် ထိုင်ဝမ်သို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီ လာရောက်ခဲ့သည့် ခရီးစဥ်ကို တရုတ်က ကန့်ကွက်တုံ့ပြန်မှုအဖြစ် ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက် လုပ်ဆောင်နေခဲ့ပြီး တင်းမာမှုများ မြင့်တက်နေသည်။ 

စက်တင်ဘာလ (၂) ရက်နေ့တွင် အမေရိကန်နှင့် ထိုင်ဝမ်တို့ကြား လက်နက်အရောင်းအဝယ် သဘောတူညီမှုကို အတည်ပြုပြီး ဆက်လက် အကောင်အထည်ဖော်ရန် အမေရိကန်ကွန်ဂရက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန် လိုအပ်နေသေးကြောင်းလည်း သိရသည်။

အမေရိကန်က ထိုင်ဝမ်ကို ရောင်းချရန်သဘောတူညီမှု ရရှိခဲ့သည့် လက်နက်များတွင် ဒေါ်လာ (၆၅၅) သန်းတန် ရေဒါစောင့်ကြည့် သတိပေးစနစ်နှင့် သင်္ဘောများကို တိုက်ခိုက်ဖျက်ဆီးနိုင်သည့် ဒေါ်လာ (၃၅၅) သန်းတန် Harpoon ဒုံးကျည် အစင်း (၆၀) တို့ ပါဝင်သည်။ 

ထို့အတူ မြေပြင်မှဝေဟင်နှင့် ဝေဟင်မှဝေဟင်ပစ် ဒေါ်လာ (၈၅.၆) သန်းတန် Sidewinder ဒုံးကျည်များလည်း ပါဝင်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်၏ Defense Security Cooperation Agency က ပြောသည်။

ယခု လက်နက်အရောင်းအဝယ်မှာ ထိုင်ဝမ်လုံခြုံရေးအတွက် မဖြစ်မနေ လိုအပ်ချက်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ 

တရုတ်အနေဖြင့် ထိုင်ဝမ်ကို ၎င်း၏ စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေး ဖိအားပေးမှုများ လျှော့ချပြီး အဓိပ္ပါယ်ရှိသည့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

Source: BBC