မြန်မာစစ်အုပ်စုကို ဖိအားပေးရန်နှင့် နိုင်ငံမှ ထွက်ပြေးရသည့် မြန်မာဒုက္ခသည်များကို လက်ခံရန် ဒါရိုက်တာ တိုရူကူဘိုတာက ဂျပန်အစိုးရကို တိုက်တွန်း

မြန်မာစစ်အုပ်စုကို ဖိအားပေးရန်နှင့် နိုင်ငံမှ ထွက်ပြေးရသည့် မြန်မာဒုက္ခသည်များကို လက်ခံရန် ဒါရိုက်တာ တိုရူကူဘိုတာက ဂျပန်အစိုးရကို တိုက်တွန်း
By Mr John

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ဆန့်ကျင်မှုများကို မှတ်တမ်းရိုက်ကူးမှုကြောင့် ထောင်ဒဏ်ချမှတ်ခံရပြီး ပြန်လည်လွတ်မြောက်လာသည့် ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူက ဂျပန်အစိုးရအနေဖြင့် မြန်မာစစ်အုပ်ကို ပိုမိုဖိအားပေးရန်နှင့် နိုင်ငံမှထွက်ပြေးလာသော မြန်မာဒုက္ခသည်များကို လက်ခံရန် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့တွင် တောင်းဆိုလိုက်သည်။ 

တိုရူကူဘိုတာမှာ ယခုနှစ် ဇူလိုင်လ (၃၀) ရက်နေ့က ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် စစ်အုပ်စုဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုအား အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီးမှုအတွင်း စစ်အာဏာရှင်ဆန့်ကျင်သည့် မြန်မာနိုင်ငံသားများနှင့်အတူ အဖမ်းခံခဲ့ရပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုကို မှတ်တမ်းရုပ်ရှင်ရိုက်ကူးမှုဖြင့် ထောင်ဒဏ် (၇) နှစ်နှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့် ထောင်ဒဏ် (၃)နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။

ယင်းနောက် ထောင်ဒဏ် (၃)လခွဲဝန်းကျင်အကြာ နိုဝင်ဘာလ(၁၈)ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာဖြင့် ဂျပန်နိုင်ငံသား တိုရူကိုဘိုတာလည်း ပြန်လွှတ်လာခဲ့ခြင်းဖြစ်ပြီး  နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရစဉ်က တစ်ဦးတည်း သီးခြားချုပ်နှောင်ခံခဲ့ရကာ ငရဲတမျှဖြစ်ကြောင်း ကူဘိုတာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းသို့ လွတ်ငြိမ်းချမ်းသာပေးခြင်းမှာလည်း မြန်မာစစ်အုပ်စု၏ ဝါဒဖြန့်လုပ်ရပ်အဖြစ် ရှုမြင်ထားကြပြီး "ဒါက လူ ၁၂,၀၀၀ လောက် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဆိုတဲ့ အမှန်တရားကို ပြောင်းလဲမသွားစေပါဘူး" ဟု ကူဘိုတာက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဂျပန်အစိုးရအနေဖြင့် ပိုမိုပြင်းထန်စွာ ရှုတ်ချရန်နှင့် မြန်မာစစ်အုပ်စုကို ထိုလုပ်ရပ်အတွက် ပိုမိုဝေဖန်ပြောဆိုရန် တိုက်တွန်းလိုက်သည့်အပြင် မြန်မာစစ်တပ်က ၎င်းတို့ရရှိနေသည့်ငွေများကို ပြည်သူလူထုကိုသတ်ဖြတ်ရန် သုံးစွဲနေခြင်းရှိ၊ မရှိ ဂျပန်အစိုးရအနေဖြင့် စေ့စေ့စပ်စပ် စစ်ဆေးသင့်ကြောင်းလည်း ကူဘိုတာက တိုကျိုမြို့တွင် ပြုလုပ်ခဲ့သည့် ၎င်း၏အတွေ့အကြုံ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

ထို့အတူ မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဒုက္ခသည်များကို ပိုမိုလက်ခံရန်လည်း ကိုဘူတာက ဂျပန်အစိုးရကို တိုက်တွန်းခဲ့သည်။



ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံဖြစ်သော်လည်း နှစ်စဥ် ကမ္ဘာတဝန်းမှ ဒုက္ခသည်အရေအတွက် လက်တစ်ဆုပ်စာမျှကိုသာ လက်ခံနေသည့် ဂျပန်အစိုးရကို "အာဏာရှင်အုပ်ချုပ်မှုအောက်ကနေ ထွက်ပြေးလာသူတွေကို ဘယ်လိုအကာအကွယ်ပေးမလဲဆိုတာ ကျွန်တော်တို့ စဥ်းစားဖို့လိုပါတယ်" ဟု ဂျပန်မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ကူဘိုတာက တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဆန့်ကျင်ကန့်ကွက်သူများကို အကြမ်းဖက် ဖြိုခွင်းခဲ့မှုအတွင်း လူပေါင်းသောင်းနှင့်ချီ မတရားသဖြင့် ဖမ်းဆီးခံခဲ့ရပြီး စစ်တပ်က သတ်ဖြတ်မှုကြောင့် ယခုအချိန်အထိ ရရှိသည့်စာရင်းများအရ လူပေါင်း (၂၅၀၀) ကျော် သေဆုံးခဲ့ရပြီဖြစ်သည်။

Source: AFP, Japan Times, Reuters