ယူကရိန်းနိုင်ငံက အာဆီယံငြိမ်းချမ်းရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုး

ယူကရိန်းနိုင်ငံက အာဆီယံငြိမ်းချမ်းရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုး
နိုဝင်ဘာ 11, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားကျူးကျော်မှုကို ခုခံကာကွယ်နေသည့် ယူကရိန်းနိုင်ငံက အရှေ့တောင်အာရှဒေသတွင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အာဆီယံငြိမ်းချမ်းရေး သဘောတူစာချုပ်တွင် နိုဝင်ဘာလ (၁၀) ရက်နေ့က ပါဝင်လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ 

လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဌ နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားသို့ နိုဝင်ဘာလ (၈) ရက်နေ့တွင် ရောက်ရှိခဲ့သည့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ၎င်း၏ နိုင်ငံကိုယ်စား အာဆီယံငြိမ်းချမ်းရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ 

၎င်းက နိုဝင်ဘာလ (၉) ရက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

အာဆီယံငြိမ်းချမ်းရေး သဘောတူစာချုပ် Treaty of Amity and Cooperation in Southeast Asia (TAC) တွင် ယခုအခါ စုစုပေါင်း နိုင်ငံ (၅၀) က ပါဝင် လက်မှတ်ရေးထိုးထားသည်။ 

TAC ကို မူလက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ၁၉၇၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ 

အာဆီယံနှင့် တရားဝင် ပူးပေါင်းဆောင်ရွက်လိုသည့် နိုင်ငံများအနေဖြင့် TAC တွင် လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း သိရသည်။

တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ရုရှားတို့ကလည်း TAC တွင် လက်မှတ်ရေးထိုးထားသည်။ 

အဆိုပါ သဘောတူစာချုပ်၏ အဓိက အခြေခံမူများမှာ လွတ်လပ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် အပြန်အလှန် လေးစားရန်၊ အငြင်းပွားမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် ခြိမ်းခြောက်မှု သို့မဟုတ် အင်အားအသုံးပြုမှုကို စွန်လွှတ်ရန်တို့ ဖြစ်သည်။

TAC တွင် ယူကရိန်းကို ပါဝင်လက်မှတ်ရေးထိုးခွင့်ပြုခြင်းမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ရုရှားကျူးကျော်မှုအပေါ် ကွဲပြားသည့် အမြင်များ ရှိနေသော်လည်း အာဆီယံက ယူကရိန်းကို ထောက်ခံသည့်လက္ခဏာတစ်ရပ်ဟု ဆိုသည်။ 

ယူကရိန်းကို ကျူးကျော်မှုအတွက် အာဆီယံအဖွဲ့ဝင် စင်ကာပူနိုင်ငံက ရုရှားကို အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း ရုရှား၏ စစ်လက်နက်ပစ္စည်းများကို မှီခိုနေရသည့် မြန်မာနိုင်ငံ အပါအဝင် လာအိုနှင့် ဗီယက်နမ်တို့က ရုရှားကို  ဝေဖန်ခြင်း မပြုကြပေ။

ထိုင်း၊ ဗီယက်နမ်နှင့် လာအိုတို့က အောက်တိုဘာလအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ယူကရိန်းနယ်မြေများကို သိမ်းပိုက်ရန် ကြိုးပမ်းမှုအတွက် ရုရှားကို ရှုချကြောင်း မဲခွဲဆုံးဖြတ်ရာတွင် မဲမပေးဘဲ နေခဲ့ကြသည်။

 ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌ ကမ္ဘောဒီယားနိုင်ငံက ထိုဆုံးဖြတ်ချက်ကို ပူးတွဲအဆိုပြုခဲ့သည်။

Source: The Straits Times

Photo: Dmytro Kuleba, ASEAN