တူရကီနိုင်ငံတွင် ငလျင်လှုပ်ပြီး (၁၁) ရက်အကြာ၌ အဆောက်အအုံ အပျက်အစီးများ အောက်ကနေ လူ (၂) ဦးကို ကယ်ထုတ်နိုင်ခဲ့၊ ငလျင်ကြောင့် တူရကီနှင့် ဆီးရီးယားတွင် သေဆုံးသူ (၄၅,၀၀၀) ကျော်အထိ ရှိလာ

တူရကီနိုင်ငံတွင် ငလျင်လှုပ်ပြီး (၁၁) ရက်အကြာ၌ အဆောက်အအုံ အပျက်အစီးများ အောက်ကနေ လူ (၂) ဦးကို ကယ်ထုတ်နိုင်ခဲ့၊ ငလျင်ကြောင့် တူရကီနှင့် ဆီးရီးယားတွင် သေဆုံးသူ (၄၅,၀၀၀) ကျော်အထိ ရှိလာ
ဖေဖော်ဝါရီ 18, 2023 | နိုင်ငံတကာသတင်း
By Mr John

 တူရကီနိုင်ငံတွင် ငလျင်ကြီးလှုပ်ခတ်ပြီးနောက် (၁၁) ရက်အကြာဖြစ်သည့် ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့က ပြိုကျနေသည့် အဆောက်အအုံ အပျက်အစီးများအောက်ကနေ လူ (၂) ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ 

၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၆) ရက်နေ့၏ ဒေသစံတော်ချိန် နံနက် (၄) နာရီဝန်းကျင်က တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံတို့တွင် လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး (၇.၈) အဆင့်ရှိ ငလျင်ကြီးကြောင့် ဖေဖေါ်ဝါရီလ (၁၈) ရက် ဒေသစံတော်ချိန် နံနက်(၃)နာရီခွဲအချိန်အထိ လူပေါင်း (၄၅,၀၀၀) ကျော် သေဆုံးခဲ့ကြောင်း အတည်ပြုထားသည်။

ငလျင်ကြောင့် လူဦးရေ သန်းနှင့်ချီ အိုးအိမ်မဲ့ဖြစ်ခဲ့ကြပြီး နှစ်နိုင်ငံလုံးတွင် ကြီးမားသည့် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေရသည်။ 

တူရကီနိုင်ငံ၏ သမိုင်းဝင်မြို့ဖြစ်သော Antakya တွင် ငလျင်ကြောင့် ပြိုကျခဲ့သည့် အဆောက်အအုံ အပျက်အစီးများအောက်မှ အသက် (၁၄) နှစ်အရွယ် Osman Halebiye နှင့် အသက် (၃၄) နှစ်အရွယ် Mustafa Avci တို့ကို ငလျင်လှုပ်ပြီးနောက် နာရီပေါင်း (၂၆၀) ခန့်အကြာ ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့တွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့အထိ တူရကီတွင် ငလျင်ကြောင့် သေဆုံးသူ (၃၈,၀၄၄) ဦးရှိလာကြောင်း အစိုးရအရာရှိများက ပြောသည်။ 

သို့သော် ငလျင်ကြောင့် အဆောက်အအုံပေါင်း (၂၆၄,၀၀၀) ခန့် ပြိုကျသွားခဲ့ပြီး လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ရာ သေဆုံးသူအရေအတွက် တိုးလာနိုင်သေးကြောင်း ခန့်မှန်းထားကြသည်။

တူရကီနှင့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ယခင်ကတည်းက (၁၂) နီးပါးကြာ ပြည်တွင်းစစ်ဒဏ်ကြောင့် ပျက်စီးနေခဲ့သည့် ဆီးရီးယားတွင်လည်း ငလျင်ကြောင့် သေဆုံးသူ (၅,၈၀၀) ကျော်ရှိလာခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ 

ထိုအတောအတွင်း ကုလသမဂ္ဂက တူရကီတွင် ငလျင်ကယ်ဆယ်ရေးအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁) ဘီလီယံ အကူအညီတောင်းခံထားသည်။ 

ကုလသမဂ္ဂက ဆီးရီးယားအတွက်လည်း ငလျင်ကယ်ဆယ်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ သန်း (၄၀၀) တောင်းခံထားခဲ့ကြောင်း သိရသည်။

Source: Reuters

Photo: REUTERS/Nir Elias TPX IMAGES OF THE DA, REUTERS/Amr Alfiky, REUTERS/Maxim Shemetov, REUTERS/Eloisa Lopez,