ကုမ္ပဏီ (၁၆) ခုတွင် အလုပ်ရပြီး မည်သည့် အလုပ်ကိုမှ သွားရောက်ခြင်းမရှိဘဲ (၃) နှစ်ကြာ လစာ လိမ်လည်ယူခဲ့သည့် တရုတ်အမျိုးသမီး

ကုမ္ပဏီ (၁၆) ခုတွင် အလုပ်ရပြီး မည်သည့် အလုပ်ကိုမှ သွားရောက်ခြင်းမရှိဘဲ (၃) နှစ်ကြာ လစာ လိမ်လည်ယူခဲ့သည့် တရုတ်အမျိုးသမီး
စက်တင်ဘာ 23, 2023 | နိုင်ငံတကာသတင်း
By Mr John

 

တရုတ်နိုင်ငံတွင် အမျိုးသမီးတစ်ဦးက မတူညီသည့် ကုမ္ပဏီ (၁၆) ခု၌ အလုပ်အကိုင်များ ရရှိထားသော်လည်း မည်သည့် အလုပ်ကိုမှ သွားရောက် လုပ်ကိုင်ခြင်း မရှိဘဲ (၃) နှစ်ကြာ လိမ်လည်၍ လစာများ ရယူနေခဲ့ကြောင်း တရုတ်ပြည်တွင်းမီဒီယာက ဖော်ပြသည်။ 

Guan Yue အမည်ရှိ ထိုအမျိုးသမီးက အမေရိကန်ဒေါ်လာ (၇) သန်းနီးပါး (တရုတ်ယွမ်ငွေ သန်း ၅၀) တန်သည့် ကြီးမားသော အလုပ်သမား လိမ်လည်မှုအစီအစဥ်တွင် အဓိကကျသူဟု ဆိုသည်။

တရုတ်အစိုးရပိုင် သတင်းစာ Xinmin ၏ ဖော်ပြမှုအရ Guan က သူမကို အလုပ်ခန့်ထားသော ကုမ္ပဏီအားလုံးကို စာရွက်တစ်ရွက်ပေါ်တွင် မှတ်သားထားသည်။ 

နောက်ထပ် အလုပ်သစ်အတွက် အင်တာဗျူးဖြေချိန်တွင် Guan က ဓာတ်ပုံရိုက်ထားပြီး ထိုဓာတ်ပုံများကို သူမ အလုပ်ရရှိထားပြီးသား ကုမ္ပဏီများ၏ လုပ်ငန်းသုံး အွန်လိုင်းချန်နယ်များတွင်တင်၍ အလုပ်အပ်နှံသူများနှင့် အစည်းအဝေးလုပ်နေခြင်းဖြစ်ကြောင်း ပြောဆိုကာ ပိပိရိရိ လိမ်လည်ခဲ့သည်။

သူမ လုပ်နိုင်သည်ထက် အလုပ်အကိုင် ကမ်းလှမ်းမှုများ ပိုမိုရရှိလာသည့်အခါ Guan က သူငယ်ချင်းတစ်ဦးကို အလုပ်လွှဲပေးပြီး အလုပ်အကိုင်နေရာအတွက် ၎င်းက ကော်မရှင်ခ ယူလေ့ရှိကြောင်း Xinmin သတင်းစာတွင် ဖော်ပြသည်။ 

Guan နှင့်အတူ သူမ၏ ခင်ပွန်းဖြစ်သူကလည်း ယခု လိမ်လည်မှုတွင် ပါဝင်ခဲ့ပြီး ၎င်းတို့က လိမ်လည်ရရှိသော လစာဝင်ငွေများဖြင့် ရှန်ဟိုင်းမြို့တွင် ဈေးကြီးသော တိုက်ခန်းတစ်ခန်း ဝယ်ယူထားကြောင်း သိရသည်။

နောက်ဆုံးတွင်မူ Guan ၏ လိမ်လည်မှုကို နည်းပညာကုမ္ပဏီပိုင်ရှင် Liu Jian ဆိုသူက သိရှိဖော်ထုတ်နိုင်ခဲ့သည်။ 

Liu က အွန်လိုင်းအလုပ်အကိုင် group တစ်ခုတွင် Guan ထံမှ အလုပ်ထွက်စာတစ်စောင်ကို တွေ့ရှိရာမှ မသင်္ကာဖြစ်လာ၍ ကိုယ်တိုင် စုံစမ်းစစ်ဆေးပြီးနောက် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။ 

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် Guan နှင့် ခင်ပွန်းတို့ကို ဖမ်းဆီးခဲ့သည့်အပြင် ထိုအမှုနှင့် ဆက်စပ်နေသူ (၅၃) ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Source: Business Insider, SCMP, Xinmin