တောင်ကိုရီးယားတွင် သမ္မတက သူနာပြုများ၏ လစာနှင့်ပတ်သက်သည့် ဥပဒေမူကြမ်းကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပြီးနောက် သူနာပြုများ လမ်းပေါ်ထွက် ဆန္ဒပြ

တောင်ကိုရီးယားတွင် သမ္မတက သူနာပြုများ၏ လစာနှင့်ပတ်သက်သည့် ဥပဒေမူကြမ်းကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပြီးနောက် သူနာပြုများ လမ်းပေါ်ထွက် ဆန္ဒပြ
By Mr John

 တောင်ကိုရီးယားနိုင်ငံတွင် သူနာပြုများ၏ လစာနှင့် လုပ်ငန်းခွင် အခြေအနေ တိုးတက်ရန် ရည်ရွယ်ထားသော ဥပဒေမူကြမ်းကို သမ္မတယွန်းဆက်ယိုက ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပြီးနောက် ထောင်နှင့်ချီသော သူနာပြုများ ၂၀၂၃ခုနှစ် မေလ (၁၉) ရက်နေ့က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

 ထိုဥပဒေ မူကြမ်းကို အတိုက်အခံများ ဦးဆောင်သော လွှတ်တော်က ၂၀၂၃ ခုနှစ် ဧပြီလအတွင်း အတည်ပြုခဲ့ရာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအချို့ထံမှ ကန့်ကွက်မှုများရှိလာခဲ့သည်။

၎င်းတို့က ထိုဥပဒေက သူနာပြုများကို ဆေးဘက်ဆိုင်ရာ လိုင်စင်မရှိဘဲ ဆေးကုသနိုင်ရန် ခွင့်ပြုပေးလိမ့်မည်ဟု ပြောသည်။

 သူနာပြုများကမူ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ ပြောဆိုမှုမှာ အခြေအမြစ်မရှိကြောင်းနှင့် နိုင်ငံတွင် လျင်မြန်စွာ တိုးလာနေသော အသက်ကြီးသူဦးရေအတွက် ကျန်းမာရေးစောင့်ရှောက်မှု နိုင်နိုင်နင်းနင်း ကိုင်တွယ်ဆောင်ရွက်ရန် ကုသစောင့်ရှောက်မှု နေရာများ ပိုမိုလိုအပ်နေသည်ဟု တုံ့ပြန်ခဲ့သည်။

သမ္မတယွန်းက ဥပဒေမူကြမ်းကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့ခြင်းနှင့် ပတ်သက်၍ ထိုဥပဒေမှာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကြား ပဋိပက္ခ အလွန်အကျွံဖြစ်စေနိုင်ကြောင်းနှင့် ဆေးရုံး/ဆေးခန်းပြင်ပတွင် ကုသစောင့်ရှောက်မှုပေးခြင်းက အများပြည်သူကို ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် စိုးရိမ်မှုဖြစ်စေနိုင်ကြောင်း ပြောခဲ့သည်။ 

မေလ (၁၉) ရက်နေ့က ဆန္ဒပြမှုကို ဦးဆောင်သည့် ကိုရီးယားသူနာပြုများအသင်း Korean Nurses Association ကမူ သမ္မတယွန်းကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

သမ္မတလောင်းတစ်ဦးအဖြစ် ၎င်းပေးထားခဲ့သော သူနာပြုများ၏ လုပ်ငန်းခွင်အခြေအနေ တိုးတက်ရန် ဆောင်ရွက်မည်ဆိုသည့် ကတိကို မတည်ခဲ့ကြောင်း သူနာပြုအသင်းက ပြောဆိုခဲ့သည်။ 

တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီး Cho Kyoo-hong က ယခုဆန္ဒပြမှုနှင့် ပတ်သက်၍ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး ဆန္ဒပြမှုကြောင့် လူနာများအပေါ် သက်ရောက်မှုမရှိစေရေး အခြေအနေကို အနီးကပ် စောင့်ကြည့်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

Source: Reuters