မြေအောက်တွင် (၉) ရက်ကြာ ပိတ်မိခဲ့သည့် တောင်ကိုရီးယား မိုင်းတွင်းလုပ်သား (၂) ဦး ကော်မီမစ်ထုပ်စားပြီး အသက်ဆက်ခဲ့

မြေအောက်တွင် (၉) ရက်ကြာ ပိတ်မိခဲ့သည့် တောင်ကိုရီးယား မိုင်းတွင်းလုပ်သား (၂) ဦး ကော်မီမစ်ထုပ်စားပြီး အသက်ဆက်ခဲ့
နိုဝင်ဘာ 6, 2022 | နိုင်ငံတကာသတင်း
By Mr John

 တောင်ကိုရီးယားနိုင်ငံတွင် မိုင်းတွင်းတစ်ခု ပြိုကျမှုအတွင်း မြေအောက်၌ (၉) ရက်ကြာ ပိတ်မိနေခဲ့သည့် မိုင်းတွင်းလုပ်သား (၂) ဦးမှာ ကော်ဖီမစ်ထုပ်များစားပြီး အသက်ဆက်ခဲ့ကြကြောင်းနှင့် ယခုအခါ ၎င်းတို့ကို ကယ်ထုတ်နိုင်ခဲ့ပြီဟု သိရသည်။ 

အသက် (၆၂) နှစ်နှင့် (၅၆) နှစ်အရွယ် အမျိုးသား (၂) ဦးက မီးဖိုထားပြီး ပလတ်စတစ်ဖြင့် တဲတစ်လုံးဆောက်လုပ် နေထိုင်ခြင်းဖြင့် အနွေးဓာတ်ရခဲ့ကြသည်ဟု ယူဆထားသည်။

မိုင်းတွင်းထဲမှ ကယ်ထုတ်နိုင်ခဲ့သည့် အမျိုးသား (၂) ဦးလုံး အခြေအနေ တည်ငြိမ်မှုရှိကြောင်း အာဏာပိုင်များက ပြောသည်။ 

မိုင်းတွင်းလုပ်သား (၂) ဦးမှာ အောက်တိုဘာလ (၂၆) ရက်နေ့က တောင်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း Bonghwa မြို့ရှိ သွပ်တူးဖော်ရေး မိုင်းတွင်းတစ်ခု၏ အစိတ်အပိုင်း ပြိုကျခဲ့ပြီးနောက် မြေအောက်အနက် ပေ (၆၅၀) နီးပါးတွင် ပိတ်မိခဲ့ကြခြင်း ဖြစ်သည်။

(၉) ရက်ကြာပြီးနောက် နိုဝင်ဘာလ (၄) ရက် ညပိုင်းတွင် ၎င်းတို့ (၂) ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ 

မိုင်းတွင်းလုပ်သား (၂) ဦးလုံးက မိုင်းတွင်းထဲမှ လမ်းလျှောက်ထွက်လာနိုင်ခဲ့ပြီး ၎င်းတို့ကို ကျန်းမာရေးစစ်ဆေးရန် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ 

ဆရာဝန်များ၏ အဆိုအရ ၎င်းတို့ (၂) ဦးလုံး အပြည့်အဝ နေပြန်ကောင်းလာမည်ဟု သိရသည်။

မိုင်းတွင်းလုပ်သား (၂) ဦး မြေအောက်တွင် (၉) ရက်ကြာ ပိတ်မိနေခဲ့ပြီးနောက် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့မှုမှာ တစ်ကယ့်အံဖွယ်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ Yoon Suk-yeol က ပြောသည်။ 

အာဏာပိုင်များ၏ ပြောကြားမှုအရ မြေအောက်တွင် ပိတ်မိနေခဲ့ကြသည့် မိုင်းတွင်းလုပ်သား (၂) ဦးက မျက်နှာကြတ်မှ ကျလာသည့်ရေကို သောက်ခဲ့ပြီး ကော်မီမစ်ထုပ်များထဲမှ အမှုန့်ကိုစားပြီး အသက်ဆက်ခဲ့ကြကြောင်း သိရသည်။

Source: BBC

Photo: NEWS1, AFP, Aliyev Alexei Sergeevich/Getty Images, Yonhap/AFP,