COVID 19 မျိုးကွဲ နောက်ဆုံးအသစ်တွေ့သည့် အိုမီခရွန် XE ထိုင်းနိုင်ငံကို ရောက်ရှိ

COVID 19 မျိုးကွဲ နောက်ဆုံးအသစ်တွေ့သည့် အိုမီခရွန် XE ထိုင်းနိုင်ငံကို ရောက်ရှိ
By Tachileik News Agency

COVID 19  အိုမီခရွန်၏ ဗီဇမျိုးကွဲနှစ်ခုပေါင်းသွားပြီး ကူးစက်မှုနှုန်းပိုမြန်သည့်မျိုးကွဲဟု  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မကြာခင်က ထုတ်ပြန်ထားသည့် အိုမီခရွန် XE  ကူးစက်ခံရသူတစ်ဦးကို ထိုင်းနိုင်ငံတွင် တွေ့ရှိထားပြီဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဧပြီလ (၂)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။



အိုမီခရွန်၏ မျိုးကွဲဖြစ်သည့် BA.1 နှင့် BA.2 တို့ ပေါင်းသွားသည့် XE မျိုးကွဲပိုးကို ရမ်မသီဗောဒိဆေးရုံက စစ်ဆေးတွေ့ရှိထားခြင်းဖြစ်ကြောင်း သိရသည်။



ထိုင်းနိုင်ငံတွင် ပထမဆုံးတွေ့ရသည့် အဆိုပါလူနာမှာ ရောဂါလက္ခဏာပြင်းထန်ခြင်းမရှိဘဲ ပြန်လည်ကျန်းမာနေပြီဖြစ်ကြောင်းသိရသည်။



အဆိုပါ COVID 19 မျိုးကွဲပိုးမှာ BA.2 မျိုးကွဲထက် ကူးစက်မှု ၁၀ ရာခိုင်နှုန်းပိုမြန်သည်ကို တွေ့ရှိထားသော်လည်း ရောဂါပြင်းထန်မှုအခြေအနေကို လေ့လာဆဲဖြစ်ကြောင်း WHO က သတင်းထုတ်ပြန်ထားသည်။



ထိုင်းနိုင်ငံတွင်း COVID 19 အကန့်အသတ်များကို ဖြေလျော့နေချိန်တွင် ပို၍ကူးစက်မြန် ဗိုင်းရပ်စ်သစ်ကို တွေ့ရခြင်းဖြစ်ရာ လာမည့် ဧပြီနှင့် မေလများအတွင်း ကူးစက်ခံရမှုနှုန်း အမြင့်ဆုံးရောက်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။



 အိုမီခရွန် XE ကို ဇန်နဝါရီလ (၁၉) ရက်နေ့က ဗြိတိန်တွင် ပထမဆုံး စတင်တွေ့ခဲ့ရခြင်းဖြစ်ပြီး မူလဗိုင်းရပ်စ်ထက် ၄၃ ရာခိုင်နှုန်း ပို၍မြန်မြန်ကူးစက်နိုင်ပြီး BA.2 ထက် ၁၀ ရာခိုင်နှုန်း ပို၍မြန်မြန် ကူးစက်နိုင်သည်ဟု သိရသည်။

Source: Bangkok Post