ဩစတြေးလျနိုင်ငံအတွင်းသို့ ရွှေသေနတ်တစ်လက် သယ်ဆောင်လာသည့် အမေရိကန်အမျိုးသမီး ဖမ်းဆီးခံရ

ဩစတြေးလျနိုင်ငံအတွင်းသို့ ရွှေသေနတ်တစ်လက် သယ်ဆောင်လာသည့် အမေရိကန်အမျိုးသမီး ဖမ်းဆီးခံရ
By Mr John

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှ ပျံသန်းလာသည့် လေယာဥ်ခရီးစဥ်ဖြင့် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ရောက်ရှိလာသော အမျိုးသမီးတစ်ဦးကို သူမ၏ ခရီးဆောင်အိတ်အတွင်း (၂၄) ကာရတ် ရွှေဖြင့် ပြုလုပ်ထားသည့် ပစ္စတို သေနတ်တစ်လက် တရားမဝင် သယ်ဆောင်လာမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ 

ဆစ်ဒနီမြို့ကို ၂၀၂၃ခုနှစ် ဧပြီလ (၂၃) ရက်နေ့က ရောက်ရှိလာခဲ့သည့် အသက် (၂၈) နှစ်အရွယ် ထိုအမျိုးသမီးထံတွင် ဩစတြေးလျသို့ သေနတ်တစ်လက် တင်သွင်းရန် သို့မဟုတ် ဩစတြေးလျတွင် သေနတ်တစ်လက် ကိုင်ဆောင်ရန် ခွင့်ပြုချက်ရရှိထားခြင်း မရှိကြောင်း Australian Border Force (ABF) က ထုတ်ပြန်ချက်တွေ ပြောသည်။

ဩစတြေးလျမှာ သေနတ်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ကမ္ဘာ့အတင်းကျပ်ဆုံး စည်းမျဥ်းများ ချမှတ်ကျင့်သုံးနေသည့် နိုင်ငံအချို့တွင် ပါဝင်သည်။ 

လူပုဂ္ဂိုလ်တစ်ဦးက ဩစတြေးလျနိုင်ငံအတွင်းသို့ ကြိုတင်ခွင့်ပြုချက်မယူထားဘဲ သေနတ်များ ရည်ရွယ်ချက်ရှိရှိ တင်သွင်းလာခြင်းမှာ တရားမဝင်ကြောင်း သိရသည်။ 

ဩစတြေးလျတွင် ထိုပြစ်မှုအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် (၁၀) နှစ် ဖြစ်သည်။

ရွှေသေနတ်တစ်လက် တရားမဝင် သယ်ဆောင်လာမှုဖြင့် ဖမ်းဆီးခံရသည့် အမေရိကန်အမျိုးသမီးမှာ မည်သူဖြစ်ကြောင်း ABF ထုတ်ပြန်ချက်တွင် ဖော်ပြမထားဘဲ ထိုအမျိုးသမီးကို ဧပြီလ (၂၄) ရက်နေ့က တရားရုံးထုတ်ခဲ့ပြီးနောက် အာမခံဖြင့် ပြန်လွှတ်ပေးထားကြောင်း သိရသည်။ 

သူမ၏ ဗီဇာနှင့် ဩစတြေးလျတွင် ဆက်လက်နေထိုင်ခွင့်ကို တရားရုံးက ဆုံးဖြတ်သွားမည် ဖြစ်သည်။ တရားရုံးစီရင်ချက်အပေါ် မူတည်၍ ထိုအမျိုးသမီးကို နိုင်ငံမှ နှင်ထုတ်သွားနိုင်ကြောင်း ABF က ဆိုသည်။

 

Source: CNN