အရပ်သားများ အိပ်မောကျနေချိန် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းတွင် အရပ်သား (၂၅) ဦး ထပ်မံသေဆုံး

အရပ်သားများ အိပ်မောကျနေချိန် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းတွင် အရပ်သား (၂၅) ဦး ထပ်မံသေဆုံး
By Mr John

ရုရှားတပ်ဖွဲ့များက ယူကရိန်းနိုင်ငံတဝန်းရှိ မြို့များကို လူအများ အိပ်ပျော်နေချိန် နံနက်အစောပိုင်းတွင် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး အရပ်သား (၂၅) ဦး သေဆုံးခဲ့သည်။ 

ယခုတိုက်ခိုက်မှုမှာ (၂) လနီးပါးအတွင်း ရုရှားတပ်ဖွဲ့များ၏ အကြီးစား လေကြောင်းတိုက်ခိုက်မှုလည်း ဖြစ်သည်။

 

၂၀၂၃ခုနှစ် ဧပြီလ (၂၈) ရက်နေ့  ဒေသစံတော်ချိန်  နံနက်အစောပိုင်းတွင် ရုရှားတပ်ဖွဲ့များက ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရုရှား သိမ်းပိုက်ခဲ့သည့် နယ်မြေများကို ပြန်လည်ရယူရန် ယူကရိန်းက တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်နေစဥ် ယခု တိုက်ခိုက်မှုများ ရှိလာခဲ့ခြင်း ဖြစ်သည်။ 

ရုရှား၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ယူကရိန်းအလယ်ပိုင်း Uman မြို့တွင် လူနေတိုက်ခန်းတွဲ အဆောက်အအုံတစ်ခုကို ဒုံးကျည်ထိမှန်မှုကြောင့် ကလေးများ အပါအဝင် အနည်းဆုံး အရပ်သား (၂၃) ဦး သေဆုံးခဲ့ကြောင်း အစိုးရအရာရှိများက ပြောသည်။

"ပထမ ပြတင်းပေါက်မှန်တွေ ကွဲထွက်သွားတယ်။ ပြီးတော့ ပေါက်ကွဲမှုဖြစ်တာပဲ။ အကုန်လုံး လွင့်စင်ထွက်ကုန်တယ်"ဟု အဆိုပါ လူနေတိုက်ခန်းတွဲတွင် နေထိုင် ဒေသခံ အမျိုးသမီး Olga က ဆိုသည်။ 

ယူကရိန်းတောင်ပိုင်း Dnipro မြို့တွင်လည်း အိမ်တစ်လုံးကို ဒုံးကျည်ထိမှန်ခဲ့မှုကြောင့် အသက် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် (၃၁) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Serhiy Lysak က ပြောသည်။ 

ထိုတိုက်ခိုက်မှုအတွင်း လူ (၃) ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။

ရုရှားက ပစ်လွှတ်တိုက်ခိုက်ခဲ့သည့် ခရုစ်ဒုံးကျည် (၂၃) စင်းအနက်မှ (၂၁) စင်းကို ပစ်ချခဲ့ကြောင်း ယူကရိန်းစစ်တပ်က ထုတ်ပြန်သည်။ 

"ယူကရိန်းနဲ့ ကမ္ဘာကြီးဆီကနေ မျှတတဲ့ တုံ့ပြန်မှုကို ရုရှားအကြမ်းဖက်တွေ ရင်ဆိုင်ရမယ်"ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီး ဓာတ်ပုံများနှင့်အတူ Telegram ပို့စ်တစ်ခုတွင် ရေးသားထားသည်။

ဧပြီလ (၂၈) ရက်နေ့ နံနက်အစောပိုင်း တိုက်ခိုက်မှုများတွင် ရုရှားတပ်ဖွဲ့များ၏ ပစ်မှတ်ကို ချက်ချင်း အတိအကျ မသိရသေးသော်လည်း ရုရှားက စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ အပါအဝင် အရပ်သား အခြေခံအဆောက်အအုံများကို ပုံမှန် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ရုရှားက အရပ်သားများကို တမင်ရည်ရွယ် ပစ်မှတ်ထားခြင်းမရှိကြောင်း ပြောနေသော်လည်း ၎င်း၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထောင်နှင့်ချီသော အရပ်သားများ သေဆုံးပြီး ယူကရိန်းနိုင်ငံတဝန်း မြို့ကြီးမြို့ငယ်များ အကြီးအကျယ် ပျက်စီးခဲ့သည်။

ဧပြီလ (၂၈) ရက်နေ့ ရုရှားတိုက်ခိုက်မှုအတွင်း ကိဗ်မြို့တော်တွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လေကြောင်းကာကွယ်ရေးတပ်ဖွဲ့က ဒုံးကျည် (၁၁) စင်းနှင့် ဒရုန်း (၂) ခုကို ပစ်ချခဲ့ကြောင်း ယူကရိန်းအစိုးရအရာရှိများက ပြောသည်။ 

တိုက်ခိုက်မှုကြောင့် ကိဗ်မြို့ တောင်ဘက်ရှိ Ukrayinka မြို့တွင် လူ (၂) ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရအရာရှိများက ဆိုသည်။ နိုင်ငံအလယ်ပိုင်းရှိ Kremenchuk နှင့် Poltava မြို့များနှင့် တောင်ပိုင်းရှိ Mykolaiv မြို့တွင်လည်း  ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း Interfax-Ukraine သတင်းဌာနက ပြောသည်။

Source: Reuters

Photo:  Press service of the Interior Ministry of Ukraine,