အီလွန်မက်စ်က Twitter ဝန်ထမ်းအင်အား (၃၀၀၀)ကျော်ကို အလုပ်ထုတ်ရန် စီစဉ်နေ 

အီလွန်မက်စ်က Twitter ဝန်ထမ်းအင်အား (၃၀၀၀)ကျော်ကို အလုပ်ထုတ်ရန် စီစဉ်နေ 
နိုဝင်ဘာ 4, 2022 | နိုင်ငံတကာသတင်း
By Mr John

Twitter ပိုင်ရှင်သစ် အီလွန်မက်စ်က ကုန်ကျစရိတ်များ လျှော့ချရန်အတွက် ဝန်ထမ်းအရေအတွက် (၃,၇၀၀) သို့မဟုတ် ကုမ္ပဏီ၏ ဝန်ထမ်းအင်အားထက်ဝက်ကို အလုပ်ရပ်နားသွားရန် စီစဥ်နေကြောင်း ထိုကိစ္စကို သိရှိထားသူများကို ကိုးကားပြီး Bloomberg News က နိုဝင်ဘာလ (၂) ရက်တွင် ဖော်ပြသည်။ 

Bloomberg သတင်းအရ အီလွန်မက်စ်က အလုပ်ရပ်နားခံရမည့် ဝန်ထမ်းများကို နိုဝင်ဘာလ (၄) ရက်တွင် အကြောင်းကြားသွားမည်ဟုလည်း ဆိုသည်။

ထို့အပြင် Twitter ၏ လက်ရှိ ကျင့်သုံးနေသော မည်သည့်နေရာမှဖြစ်စေ အွန်လိုင်းမှတစ်ဆင့် အလုပ်လုပ်နိုင်သော မူဝါဒကိုလည်း ပြန်ပြောင်းသွားရန် အီလွန်မက်စ်က ရည်ရွယ်ထားပြီး ခြွင်းချက်အချို့ရှိနိုင်သော်လည်း ဝန်ထမ်းများအနေဖြင့် ရုံးတက်အလုပ်လုပ်ရမည် ဖြစ်သည်။ 

အသက်(၅၁)နှစ်အရွယ် အီလွန်မက်စ်က Twitter ကို အမေရိကန်ဒေါ်လာ (၄၄) ဘီလီယံဖြင့် အပြီးသတ် ဝယ်ယူလိုက်ပြီးနောက် အမှုဆောင်အရာရှိချုပ် အပါအဝင် ထိပ်တန်းအရာရှိများကို ထုတ်ပယ်ခဲ့သည်။ 

Reuters သတင်းဌာနက သတင်းရင်းမြစ်များကို ကိုးကားပြီး ယခုသီတင်းပတ်အစောပိုင်းတွင် ဖော်ပြခဲ့မှုအရလည်း အီလွန်မက်စ်က ပထမအကျော့ ဝန်ထမ်းလျှော့ချမှုအဖြစ် Twitter ဝန်ထမ်အင်းအား၏ လေးပုံတစ်ပုံကို အလုပ်ရပ်နားရန် စီစဥ်နေကြောင်း သိရသည်။ 

Twitter ကို အီလွန်မက်စ် ဝယ်ယူခဲ့ပြီးနောက် အပြောင်းအလဲများ ဆက်တိုက်ရှိလာနေသည်။

Twitter တွင် စစ်ဆေးအတည်ပြုထားသော အကောင့်ဖြစ်ကြောင်း ဖော်ပြချက်ဖြစ်သည့် အပြာရောင်အမှန်ခြစ် blue mark ရယူလိုသူများကို လစဥ်ကြေး အမေရိကန်ဒေါ်လာ (၈) ဒေါ်လာ ကောက်ခံသွားမည်ဟု အီလွန်မက်စ်က နိုဝင်ဘာလ (၁) ရက်တွင် ပြောခဲ့သည်။ 

Blue mark အတွက် လစဥ်ကြေးပေးဆောင်စေခြင်းမှာ spam/scam အကောင့်များကို နှိမ်နင်းရန် မရှိမဖြစ် လိုအပ်ကြောင်း အီလွန်မက်စ်က ဆိုသည်။

Source: Reuters