ဘင်္ဂလားဒေ့ရှ်တွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ (၂၈) ဦး သေဆုံးပြီး လူဦးရေ သန်းနှင့်ချီ ဓာတ်အားပြတ်တောက်မှုကြုံ

ဘင်္ဂလားဒေ့ရှ်တွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ (၂၈) ဦး သေဆုံးပြီး လူဦးရေ သန်းနှင့်ချီ ဓာတ်အားပြတ်တောက်မှုကြုံ
အောက်တိုဘာ 26, 2022 | နိုင်ငံတကာသတင်း
By Mr John

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်းစီတရန် (Cyclone Sitrang) တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက် (၂၈) ဦးအထိ ရှိလာပြီး လူဦးရေ သန်းနှင့်ချီ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေရဆဲဖြစ်ကြောင်း အစိုးရအရာရှိများက ယနေ့ အောက်တိုဘာလ (၂၆) ရက်နေ့တွင် ပြောသည်။ 

မုန်တိုင်းတိုက်ခတ်ပြီးနောက် ပျောက်ဆုံးနေသည့် သောင်တူးသင်္ဘောမှ လူ (၄) ဦး၏ အလောင်းများကို ကယ်ဆယ်ရေးသမားများက ပြန်ရှာတွေ့ခဲ့ပြီးနောက် သေဆုံးသူအရေအတွက်ကို ထပ်မံ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဆိုင်ကလုန်းစီတရန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းတွင်းပိုင်းကို အောက်တိုဘာလ (၂၄) ရက် နှောင်းပိုင်းတွင် ဝင်ရောက်တိုက်ခတ်ခဲ့သည်။ 

အာဏာပိုင်များက မုန်တိုင်းမဝင်မီ လူဦးရေ (၁) သန်းကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားခဲ့ကြောင်း သိရသည်။ 

စီတရန်မုန်တိုင်းက လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၅၅) မိုင်ဖြင့် တိုက်ခတ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၏ လူဦးရေထူထပ်သည့် မြေနိမ့်ပိုင်း ကမ်းရိုးတန်းဒေသတွင် အပျက်အစီးများစွာ ဖြစ်ပေါခဲ့သည်။

မုန်တိုင်းကြောင့် သွပ်မိုးအိမ် (၁၀,၀၀၀) နီးပါးနှင့် လယ်ယာမြေများစွာလည်း ပျက်စီးခဲ့သည်။ 

မုန်တိုင်းတိုက်ခတ်စဥ် နစ်မြုပ်သွားသည့် သောင်တူးသင်္ဘောမှ လူ (၄) ဦး၏ အလောင်းများကို မီးသတ်ဌာန ရေငုပ်သမားများက အောက်တိုဘာလ (၂၅) ရက် ညပိုင်းနှင့် အောက်တိုဘာလ (၂၆) ရက် နံနက်ပိုင်းတွင် ပြန်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ 

ထိုသောင်တူးသင်္ဘောမှ နောက်ထပ် လူ (၄) ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မီးသတ်ဌာန တာဝန်ရှိသူ Abdullah Pasha က AFP သတင်းဌာနကို ပြောသည်။

ဘင်္ဂလားဒေ့ရှ်တွင် မုန်တိုင်းတိုက်ခတ်ပြီးနောက် အောက်တိုဘာလ (၂၆) ရက်နေ့အထိ လူဦးရေ (၅) သန်းနီးပါး လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေရဆဲဖြစ်ကြောင်း Rural Electrification Board တာဝန်ရှိသူ Debashish Chakrabarty က  ပြောသည်။ 

မုန်တိုင်းမဝင်မီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည့် မြေနိမ့်ဒေသများမှ လူဦးရေ (၁) သန်းမှာ ယခုအခါ ၎င်းတို့နေအိမ်များသို့ ပြန်ရောက်သွားပြီဟု ဆိုသည်။

ဆိုင်ကလုန်းမုန်တိုင်းစီတရန်၏ ဗဟိုချက်နှင့် ကီလိုမီတာ ရာနှင့်ချီ ဝေးကွာသော ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာမြို့တွင်လည်း လေပြင်းတိုက်မှုကြောင့် သစ်ပင်များ လဲကျခဲ့ကြောင်း သိရသည်။

 မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နေရာအတော်များများတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဒါကာ၊ Khulna နှင့် Barisal ကဲ့သို့ မြို့များတွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့သည်။

 မုန်တိုင်းတိုက်ခတ်သည့် အောက်တိုဘာလ (၂၄) ရက်နေ့က ဘင်္ဂလားဒေ့ရှ်တွင် မိုးရေချိန် (၁၃) လက်မအထိ ရွာသွန်းခဲ့သည်။

Source: AFP

PHOTO: AFP, . PHOTO: EPA-EF,