ဖိလစ်ပိုင်ရွေးကောက်ပွဲအတွင်း မဲရုံတစ်ရုံတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လုံခြုံရေးအစောင့် (၃)ဦး သေဆုံး

ဖိလစ်ပိုင်ရွေးကောက်ပွဲအတွင်း မဲရုံတစ်ရုံတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လုံခြုံရေးအစောင့် (၃)ဦး သေဆုံး
By Mr John

ဖိလစ်ပိုင်တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်သည့် မေလ (၉) ရက်နေ့က မငြိမ်မသက်မှုဖြစ်နေသည့် နိုင်ငံတောင်ပိုင်းနယ်မြေရှိ မဲရုံတစ်ခု၌ သေနတ်သမားများ ပစ်ခတ်မှုကြောင့် လုံခြုံရေးအစောင့် (၃)ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

ဖိလစ်ပိုင်တွင် သေနတ်ဥပဒေလျော့ရဲမှုနှင့် ကြမ်းတမ်းသော နိုင်ငံရေးယဥ်ကျေးမှုတို့နှင့်အတူ ရွေးကောက်ပွဲကာလများမှာ အစဥ်အလာအရ မငြိမ်မသက်ဖြစ်သည့်အချိန်လည်း ဖြစ်သည်။ 

သို့သော် ရဲတပ်ဖွဲ့ကမူ ယခုရွေးကောက်ပွဲကာလတွင် ယခင်ကထက် ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့ကြောင်း ပြောထားသည်။

ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းပေါ်ရှိ Maguindanao ပြည်နယ်အတွင်း Buluan မြို့တွင် မဲပေးမှုများ စတင်ခဲ့ပြီး မကြာမီ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

မင်ဒါနာအိုကျွန်းတွင် ကွန်မြူနစ်သောင်းကျန်းသူများမှ အစ္စလာမ်မစ်စစ်သွေးကြွများအထိ လက်နက်ကိုင်အုပ်စုများ လှုပ်ရှားနေကြောင်း သိရသည်။ 

မဲရုံအဖြစ် ပြင်ဆင်ထားသည့် စာသင်ကျောင်းအတွင်း ပစ်ခတ်မှု စတင်ဖြစ်ပွားစဥ် လူအများအပြား အကာအကွယ်ယူရန် ပြေးလွှားခဲ့ကြကြောင်း အုပ်ချုပ်ရေးမှူးဟောင်း Ibrahim Mangudadatu က AFP သတင်းဌာနကို ပြောသည်။ 

ပစ်ခတ်မှုအတွင်း စတုတ္တမြောက် လုံခြုံရေးအစောင့်(၁)ဦး ဒဏ်ရာရခဲ့သည်ဟု Maguindanao ပြည်နယ်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး Roldan Kuntong က ဆိုသည်။

ရွေးကောက်ပွဲရက်မတိုင်မီ မေလ (၈) ရက် နှောင်းပိုင်းက Datu Unsay မြို့ရှိ မဲရုံတစ်ရုံအပြင်ဘက်တွင် လက်ပစ်ဗုံး (၅)လုံး ပေါက်ကွဲခဲ့ပြီးနောက် ယခုပစ်ခတ်မှု ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။ 

လက်ပစ်ဗုံးများ ပေါက်ကွဲမှုကြောင့် လူ(၉)ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

Datu Unsay တွင် လက်ဗစ်ပုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် မိနစ်ပိုင်းမျှအကြာ၌ အိမ်နီးချင်း Shariff Aguak မြို့တွင်လည်း လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဟုဆိုသည်။ 

ထိုမြို့ နှစ်ခုလုံးမှာလည်း Maguindanao ပြည်နယ်တွင် ပါဝင်သည် ၂၀၀၉ ခုနှစ်အတွင်းက Maguindanao ပြည်နယ်တွင် ဖိလစ်ပိုင်နိုင်ငံ၏ အသေအပျောက် အများဆုံး နိုင်ငံရေးအကြမ်းဖက်မှုကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။ 

ထိုစဥ်က ဒေသခံ စစ်ခေါင်းဆောင်တစ်ဦးအတွက် တရားမဝင် အလုပ် လုပ်ပေးသည့် လက်နက်ကိုင်တွေက စစ်ခေါင်းဆောင်၏ ပြိုင်ဘက်ဖြစ်သူ(၁)ဦး ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်မှုကို ဟန့်တားရန် လူအုပ်စုတစ်ခုကို တိုက်ခိုက်ခဲ့ရာ လူ (၅၈) ဦး သေဆုံးခဲ့သည်။ 

ထိုတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများအနက် ရွေးကောက်ပွဲသတင်းရယူနေသည့် ဒါဇင်နှင့်ချီ အရေအတွက်ရှိ သတင်းထောက်များလည်း ပါဝင်ခဲ့သည်။

၂၀၂၂ ခုနှစ် ဖိလစ်ပိုင်ရွေးကောက်ပွဲတွင် အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်၏ သားဖြစ်သူ အသက် (၆၄) နှစ်အရွယ် ဘောင်ဘောင်မားကို့စ်က သမ္မတအဖြစ် ရွေးကောက်ခံရရန် ရေပန်းစားနေသည်။ ၎င်းနှင့်အတူ ဒုတိယသမ္မတအဖြစ် ရွေးကောက်ပွဲဝင်သူမှာ ဖိလစ်ပိုင်သမ္မတဒူတာတေး၏ သမီး အသက် (၄၃) နှစ်အရွယ် ဆာရာဒူတာတေး ဖြစ်သည်။

မေလ (၉) ရက် ညသန်းခေါင်အထိ သိရှိရသော တရားဝင်မဟုတ်သည့် စာရင်းများအရ ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲတွင် ဘောင်ဘောင်မားကို့စ်က မဲအပြတ်အသတ်ဖြင့် အနိုင်ရရန် သေချာသလောက်ဖြစ်ကြောင်း သိရသည်။ 

ဘောင်ဘောင်မားကို့စ်က ထောက်ခံမဲ (၂၈) သန်းကျော် ရရှိထားပြီဖြစ်ပြီး ၎င်း၏ အနီးဆုံးပြိုင်ဘက်ဖြစ်သူ လင်နီရိုဘရီဒိုက ထောက်ခံမဲ (၁၃) သန်းကျော် ရရှိထားသည်။

ထို့အတူ ဒုတိယသမ္မတအဖြစ် ရွေးကောက်ပွဲဝင်သူ ဆာရာဒူတာတေးကလည်း အနိုင်ရရန် သေချာနေပြီး မေလ (၉) ရက် ညသန်းခေါင်အထိ သိရှိရသော တရားဝင်မဟုတ်သည့် စာရင်းများအရ ထောက်ခံမဲ (၂၈) သန်းကျော် ရရှိထားပြီး သူမ၏ အနီးဆုံးပြိုင်ဘက် ဖရန်စစ်ပန်ဂီလီနန်က ထောက်ခံမဲ (၈) သန်းကျော် ရရှိထားသည်။ 

ယခုနှစ် ဖိလစ်ပိုင်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် (၆၇) သန်းကျော်ရှိကြောင်း သိရသည်။

Source: AFP, CNA

Photo: Merlyn Manos/AFP, FERDINANDH CABRERA / AFP