ဗြိတိန်ဘုရင်မကြီး နတ်ရွာစံမည့်ရက်ကို မှန်ကန်စွာ ဟောကိန်းထုတ်ခဲ့သူက ဘုရင်သစ်အတွက်ကိုလည်း ခန့်မှန်းထား

ဗြိတိန်ဘုရင်မကြီး နတ်ရွာစံမည့်ရက်ကို မှန်ကန်စွာ ဟောကိန်းထုတ်ခဲ့သူက ဘုရင်သစ်အတွက်ကိုလည်း ခန့်မှန်းထား
စက်တင်ဘာ 14, 2022 | နိုင်ငံတကာသတင်း
By Mr John

ဗြိတိန်တွင် ဒုတိယမြောက် အဲလိဇဘက်သ် ဘုရင်မကြီး (Queen Elizabeth II) နတ်ရွာစံမည့်နေ့ရက်ကို မှန်ကန်စွာ ကြိုတင်ဟောကိန်းထုတ်ခဲ့သည်ဆိုသူက ချားလ်စ်ဘုရင်အတွက်ကိုလည်း ခန့်မှန်းထားသည်ဟု ဆိုသည်။ 

Twitter အကောင့်အမည် @logan_smith526 ဖြင့် အသုံးပြုသည့် လိုဂန်စမစ်သ်ဆိုသူက ဗြိတိန်၏ နန်းသက်အရှည်ကြာဆုံး ဘုရင်မကြီးအဲလိဇဘက်သ်မှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့တွင် နတ်ရွာစံမည်ဟု ဇူလိုင်လအတွင်း ကြိုတင်ဟောကိန်းထုတ်ထားခဲ့သည်။

စမစ်သ်၏ နေ့ရက်အတိအကျ ကြိုတင်ဟောကိန်းထုတ်ထားခဲ့မှုအတိုင်းပင် အဲလိဇဘက်သ် ဘုရင်မကြီးမှာ စက်တင်ဘာလ (၈) ရက်နေ့က ငြိမ်းချမ်းစွာဖြင့် နတ်ရွာစံသွားခဲ့သည်။ 

၎င်းက ဗြိတိန်ဘုရင်မကြီး နတ်ရွာစံမည်နေ့ရက်ကို Twitter တွင် ကြိုတင်ဟောကိန်းထုတ် ရေးသားထားခဲ့ခြင်း ဖြစ်သည်။ 

ယခုအခါ စမစ်သ်၏ Twitter တွင် ရေးသားထားမှုမှာ ပျံ့နှံ့နေခဲ့ကြောင်း Daily Star သတင်းက ဖော်ပြသည်။

၎င်းက ထီးနန်းအရိုက်အရာ ဆက်ခံခဲ့သည့် တတိယမြောက် ချားလ်စ်ဘုရင် (King Charles III) နတ်ရွာစံမည့်နေ့ရက်ကိုလည်း ဘုရင်မကြီး နတ်ရွာစံမည့်နေ့ရက် ကြိုတင်ဟောကိန်းထုတ်ခဲ့သည့် Twitter ပို့စ်၌ပင် ရေးသားထားခဲ့သည်ကို တွေ့ရသည်။ 

စမစ်သ်က အွန်လိုင်းတွင် ၎င်း၏ Twitter ပို့စ် ပျံ့နှံ့လာခဲ့ပြီးနောက် အများမမြင်နိုင်စေရန် လုပ်ဆောင်ထားခဲ့ပြီး Twitter က ၎င်းကို အသုံးပြုခွင့် ရပ်ဆိုင်းထားခဲ့ကြောင်းလည်း သိရသည်။ 

စမစ်သ်က ချားလ်စ်ဘုရင်မှာ ၂၀၂၆ ခုနှစ် မတ်လ (၂၈) ရက်နေ့တွင် နတ်ရွာစံမည်ဟု Twitter တွင် ကြိုတင်ဟောကိန်းထုတ် ရေးသားထားသည်။

စမစ်သ်၏ ကြိုတင်ဟောကိန်းထုတ်မှု screenshot များမှာမူ TikTok တွင် @zukosburnteye အမည်ဖြင့် အသုံးပြုသူတစ်ဦးက တင်ထားသည့် အံ့ဩတုန်လှုပ်မိကြောင်း မျက်နှာအမူအရာဖြင့် ဗီဒီယိုအပါအဝင် ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသည်။ 

ထိုဗီဒီယို like လုပ်ထားမှု (၉၁,၀၀၀) ကျော်ရှိခဲ့ပြီး စမစ်သ်၏ Twitter ပို့စ်နှင့်ပတ်သက်၍ မှတ်ချက်ပေးထားခဲ့ကြသည်။ 

မှတ်ချက်ပေးသူအချို့က စမစ်သ်၏ဟောကိန်းကို ဖြစ်နိုင်သည်ဟု ယုံကြည်ကြပြီး အခြားလူများကမူ ထိုသို့ဖြစ်မည်မဟုတ်ကြောင်း ပြောကြသည်။

မှတ်ချက်ပေးသူတစ်ဦးကမူ "၂၀၂၆ ခုနှစ်မှာ ချားလ်စ်ဘုရင် နတ်ရွာစံတယ်လို့ ဘယ်သူကမှ ဟောကိန်း မထုတ်နိုင်ပါဘူး။ ဘုရားသခင်ကပဲ လူတစ်ယောက် ဘယ်နေ့မှာ ကွယ်လွန်တယ်ဆိုတာ လုပ်ဆောင်နိုင်ပါတယ်" ဟု ရေးသားထားသည်။ 

အသက် (၇၃) နှစ်အရွယ် ချားလ်စ်ဘုရင်က အဲလိဇဘက်သ် ဘုရင်မကြီး နတ်ရွာစံသည်နှင့် အလိုအလျောက် ဗြိတိန်ဘုရင်ဖြစ်လာခဲ့သည်။ 

၁၉၄၈ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့တွင် မွေးဖွားခဲ့သည့် ဗြိတိန်ဘုရင်သစ်က အဲလိဇဘက်သ် ဘုရင်မကြီးနှင့် မင်းသားကြီးဖိလစ်တို့၏ သားတော် သမီးတော် (၄) ဦးအနက် အကြီးဆုံးသားတော် ဖြစ်သည်။

ဗြိတိန်၏ နန်းသက်အရှည်ဆုံး အသက် (၉၆) နှစ်အရွယ် ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးမှာ ဒေသစံတော်ချိန် စက်တင်ဘာလ (၈) ရက်နေ့က စကော့တလန်ရှိ Balmoral ရဲတိုက်တွင် နတ်ရွာစံသွားခဲ့ကြောင်း သိရသည်။ 

အဲလိဇဘက်မှာ ၁၉၅၂ ခုနှစ် ဖေဖေါ်ဝါရီလ (၆) ရက်တွင် ဖခင်ဖြစ်သူ ဂျော့ဂျ်ဘုရင် (King George VI) ကွယ်လွန်ပြီးနောက် သူမ၏အသက် (၂၅) နှစ်အရွယ်၌ ဗြိတိန်ဘုရင်မ ဖြစ်လာခဲ့ပြီး ယခုနှစ်အတွင်း နန်းသက် နှစ် (၇၀) ပြည့်မြောက်ခဲ့သည်။

Source: Mirror, Daily Star