တာချီလိတ်တွင် ယာယီရဲမှူးတစ်ဦး ယာဉ်တိုက်မှုနှင့် မတော်တဆ သေနတ် ပစ်ဖောက်မှုဖြစ်ပွား၍ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ချက်ချင်း အရေးယူစစ်ဆေးနေ

တာချီလိတ်တွင် ယာယီရဲမှူးတစ်ဦး ယာဉ်တိုက်မှုနှင့် မတော်တဆ သေနတ် ပစ်ဖောက်မှုဖြစ်ပွား၍ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ချက်ချင်း အရေးယူစစ်ဆေးနေ
ဇန်နဝါရီ 20, 2020
By Tachileik News Agency

တာချီလိတ်တွင် ယာယီရဲမှူးတစ်ဦး ယာဉ်တိုက်မှုနှင့် မတော်တဆ သေနတ် ပစ်ဖောက်မှုဖြစ်ပွား၍ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ချက်ချင်း အရေးယူစစ်ဆေးနေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ယာယီရဲမှူးတစ်ဦး ယာဉ်တိုက်မှုမှ မောင်းနှင်ထွက်ပြေးသွားကာ ကေတီဗီတွင် မတော်တဆ သေနတ်ပစ်ဖောက်မှု ထပ်မံဖြစ်ပွား၍ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“ချက်ချင်းပဲ အရေးယူဆောင်ရွက်တာ လုပ်နေပါတယ်။ ကျွန်တော်တို့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူ ဆောင်ရွက်နေတယ်ဆိုတာလောက်ပဲ ပြောလို့ရပါသေးတယ်။ အသေးစိတ်ကတော့ ပြောလို့မရပါဘူး။ သူ့ကို ပေးထားတဲ့တာဝန်ကိုလည်း လွှဲပေးလိုက်ပြီဖြစ်ပါတယ်” 

ဟု ပြည်နယ် ဒုတိယရဲတပ်ဖွဲ့ (ကျိုင်းတုံ) ရဲမှူးကြီး မင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ပြောသည်။

အဆိုပါ ယာယီရဲမှူး ထွန်းထွန်းသန်းသည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့ နေ့လယ်ပိုင်းတွင် မယ်ယန်းကုန်သွယ်ရေး စခန်းဘက်မှ တာချီလိတ်မြို့တွင်းသို့ မော်တော်ယာဉ်မောင်းနှင်လာစဉ် ဝမ်လုံးကျေးရွာအုပ်စု၊ ဟွေခိုက်ကျေးရွာ၊ ဗျူဟာကုန်းရှေ့အရောက်၌ ရှေ့မှကားကို ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောမှ အမျိုးသား (၃)ဦး စီးနင်းမောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီး၏ ဝဲဘက်မှန်နှင့်ခြစ်မိပြီး ဆိုင်ကယ် တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ဆိုင်ကယ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦးမှာ ခြေထောက်ကျိုး သွားခဲ့ပြီး ကျန်နှစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာများရသွားကာ ယာယီရဲမှူးသည် မော်တော်ယာဉ်ကို မရပ်တန့်ဘဲ ဆက်လက်မောင်းနှင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ရဲမှူးသည် ညနေ (၃)နာရီခွဲအချိန်တွင် ကာရာအိုကေဆိုင်တစ်ခု၌ သီချင်းဆိုနေရင်း ခါးမှသေနတ်ကို ဆွဲထုတ်လိုက်စဉ် အင်္ကျီကြယ်သီးနှင့်ငြိပြီး ကျည်တစ်တောင့် ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျည်ထွက်သည့် ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရ၊ ပျက်စီးမှုများမရှိကြောင်း သိရသည်။

အဆိုပါ ရဲမှူးကို ကျိုင်းတုံမြို့ရှိ ဒုပြည်နယ်ရဲတပ်ဖွဲ့တွင် ခေါ်ယူ ထိန်းသိမ်းထားပြီး ၎င်း၏ တာဝန်ကို ဇန်နဝါရီလ (၁၉)ရက်နေ့၌ ယာယီရဲမှူးတစ်ဦးထံ လွှဲပြောင်းပေးထားပြီး ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များ  ဥပဒေချိုးဖေါက်မှုဖြစ်ပွားပါက ရဲတပ်ဖွဲ့တွင်း ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူဆောင်ရွက်မှု ပြုလုပ်သည့်အပြင် ဖြစ်စဉ်ပေါ်မူတည်ပြီး အရပ်ဖက်ဥပဒေဖြင့်လည်း အမှုဖွင့်အရေးယူခြင်းများကိုလည်း ဆောင်ရွက်လေ့ရှိကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~