ကျိုင်းတုံမြို့နယ်အတွင်း ပန်ကွဲတောင်အဆင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး  အလောင်းဖျောက်ထွက်ပြေးသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား တာကော်နှင့် ကာလိတို့၌ ပိတ်ဆို့ ဖမ်းမိ

ကျိုင်းတုံမြို့နယ်အတွင်း ပန်ကွဲတောင်အဆင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး  အလောင်းဖျောက်ထွက်ပြေးသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား တာကော်နှင့် ကာလိတို့၌ ပိတ်ဆို့ ဖမ်းမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပန်ကွဲတောင်ကုန်းအဆင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး အလောင်းဖျောက် ထွက်ပြေးသည့် ကုန်တင်ယာဉ်မှ ယာဉ်နောက်လိုက်ကို တာကော်တံတားဂိတ်တွင် ဖမ်းမိသော်လည်း ယာဉ်မောင်းမှာ မော်တော်ယာဉ်ဖြင့် ဂိတ်မောင်းတံကိုတိုက်၍ ထွက်ပြေးသွားသဖြင့် ကာလိတွင် ပိတ်ဆို့ဖမ်းဆီးရခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံ - တာချီလိတ်ကားလမ်း ပန်ကွဲတောင်ကုန်းအဆင်းတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့ နံနက် (၈)နာရီကျော်ဝန်းကျင်က ကုန်တင်ယာဉ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ တိုက်မိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားသည့် ဆိုင်ကယ်မောင်းသူအား ကုန်တင်ယာဉ်ဖြင့် တင်ဆောင်သွားပြီးနောက် ကျိုင်းတုံ - တောင်ကြီးကားလမ်း ပန်ကြူရွာအနီးလမ်းဘေးခြုံတောအတွင်း အလောင်းအား ပစ်ချထွက်ပြေးသွားခဲ့ကြရာ လမ်းတလျှောက်ရှိ ရဲတပ်ဖွဲ့က ချိတ်ဆက်ဖမ်းဆီးမှုကြောင့် ယင်းနေ့ ညနေ (၅)နာရီခွဲအချိန်တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့က ဒီက CCTV ရတာနဲ့ ဂိတ်ကိုလှမ်းဖုန်းဆက်ပြီး ဒီနံပါတ်နဲ့ကားကို ပိတ်ပေးပါဆိုပြီး လှမ်းအကြောင်းကြားတော့ အဲဒီမှာ ကျွန်တော် ဖုန်းဆက်နေတဲ့အချိန်မှာပဲ အဲဒီကားက တာကော်ကို ဝင်လာတာ။ ဝင်လာတော့ တိုက်မိတဲ့လူကို ဘယ်နားထားခဲ့လဲ မေးလိုက်ချိန်မှာ စပယ်ယာကတော့ အောက်ဆင်းနေပြီ။ အဲဒါကို ကားသမားက ကားရွှေ့လိုက်အုံးမယ်ဆိုပြီး တာကော်ဂိတ် မောင်းတံကိုတိုက် ထွက်ပြေးတာ။ အဲဒါနဲ့ ကာလိဘက် ရဲကိုချိတ်ပြီးတော့ ပိတ်ပြီးဖမ်းလိုက်ရတယ်။ အဲဒါမှ အလောင်းထားတဲ့နေရာကို စပယ်ယာကို စစ်တော့ ညပိုင်းဆိုတော့ ရှာလို့မရတော့ဘူး။ ဒါနဲ့ ညတွင်းချင်းပဲ တရားခံတွေကို ကာလိကို ဆင်းခေါ်။ ပြီးတော့ အလောင်းထားခဲ့တဲ့နေရာကို ပြခိုင်းပြီး အဲဒီနေရာမှာ အလောင်း သွားယူရတယ်။ အလောင်းပစ်ချတဲ့နေရာကို နောက်တစ်နေ့ ညနေ (၃)နာရီခွဲလောက်မှာ ရောက်တာပေါ့

ဟု အမှတ်(၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျိုင်းတုံခရိုင်)မှ  ရဲအုပ်ထွန်းအောင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ (၁၇)ရက်နေ့တွင် ပြောသည်။

ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်ကွဲတောင်ကုန်းအဆင်းတွင် ယာဉ်တိုက်မှုဖြစ်ထားကြောင်း ဇန်နဝါရီလ (၁၅) ရက်နေ့ နံနက် (၉)နာရီအချိန်၌ သတင်းရသဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးရာ ပျက်စီးနေသည့် Honda အမျိုးအစားဆိုင်ကယ် (၁) စီး၊ မော်တော်ယာဉ်တစ်စီး၏ ယာဘက်အချက်ပြမီးခွက်အကွဲတစ်ခုနှင့် သွေးကွက်တို့ကိုသာ တွေ့ရကြောင်း သိရသည်။

အခင်းဖြစ်နေရာမှ ပတ်ဝန်းကျင်သက်သေများက ကားအဖြူရောင်ယာဉ်တစ်စီးဖြစ်ကြောင်း အတည်ပြုချက်ရသဖြင့် ယာဘက်မီးခွက်ကွဲနေသည့် အဖြူရောင်မော်တော်ယာဉ်တစ်စီး ဖြတ်သန်းသွားလာပါက တားဆီးထားရန် လမ်းတလျှောက်ရှိ စစ်ဆေးရေးဂိတ်များထံ ချက်ချင်းဆက်သွယ် သတင်းပေးပို့ပြီး CCTV မှတ်တမ်းများ စိစစ်ခြင်းကိုလည်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ သတင်းရတာက မနက် (၉)နာရီ၊ ယာဉ်တိုက်မှုဖြစ်တာက (၈)နာရီခွဲလောက်လို့ မှန်းတယ်။ အဲဒီတော့ ကျွန်တော်တို့ စစ်ဆေးနေတဲ့အချိန် ကားက ကျိုင်းတုံကို ဖြတ်သွားလောက်ပြီလို့ တွက်ဆရတယ်။ ဒါကြောင့် ထွက်နိုင်သမျှအပေါက်တွေက လမ်းတလျှောက် ဂိတ်တွေကို ဒီကားလာရင် တားပေးပါဆိုပြီး ကြိုပြီးဆက်သွယ် သတင်းပို့ပြီးတော့ CCTV မှတ်တမ်းတွေ စစ်ရတယ်။ မီးပြတ်တဲ့အချိန်နဲ့တိုးနေတော့ CCTV မှတ်တမ်းက ချက်ချင်းမရလိုက်ဘူး။ ညနေ (၄)နာရီလောက်မှ ရလိုက်တယ်။ အဲဒါနဲ့ ဒီကားနံပါတ်ဆိုတာ တာကော်ဂိတ်ကို လှမ်းဆက်တဲ့အချိန်နဲ့ ကားဝင်လာတဲ့အချိန်က ကွက်တိဖြစ်သွားတာ

ဟု  အမှတ်(၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျိုင်းတုံ)မှ ယာဉ်ထိန်း ရဲအုပ်ထွန်းအောင်ကျော်က ပြောသည်။

ယာဉ်မောင်း အောင်မိုးဝင်းနှင့် ယာဉ်နောက်လိုက် မောင်မောင်ထွေးတို့သည် ယာဉ်အမှတ် SHN 6C/5052 ဖြင့် တာချီလိတ်ဘက်မှ ကျိုင်းတုံဘက်သို့ မောင်းနှင်လာစဉ် ပန်ကွဲတောင်အဆင်း၌ မျက်နှာချင်းဆိုင်မှလာသည့် မော်တော်ဆိုင်ကယ်အား တိုက်မိခဲ့ပြီး ယာဉ်မောင်း အမျိုးသားမှာ နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် ဆိုင်ကယ်မောင်းသူ ဦးမြင့်လှိုင်၏ အလောင်းကို မော်တော်ယာဉ်တွင် တင်ဆောင်သွားပြီး ကျိုင်းတုံ - တောင်ကြီးလမ်း ရင်ကွဲတောင်နှင့် ပန်ကြူရွာကြား လမ်းကွေ့နားတွင် လမ်းဘေးခြုံတောအတွင်း ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လမ်းဘေး (၁၅)ပေခန့်အနက် ချောက်အတွင်းမှ ဦးမြင့်လှိုင်၏အလောင်းအား တိုင်းနေနာရေးကူညီမှုအသင်းက သယ်ယူပြီး ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပြီး အလောင်းဖျောက်ခဲ့သည့် အောင်မိုးဝင်းနှင့် မောင်မောင်ထွေးတို့အား ထိန်းသိမ်းထားပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် ဇန်နဝါရီလ (၁၆)ရက်နေ့က (ပ)၂/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ -က/၂၀၁/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

ဓါတ်ပုံ - ယာဉ်ထိန်းရဲတပ်ဖွဲ့

 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။