ဘရာဇီးနိုင်ငံရေးသမားတစ်ဦးက ၎င်းအားလာဖမ်းသည့် ရဲအရာရှိများကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်

ဘရာဇီးနိုင်ငံရေးသမားတစ်ဦးက ၎င်းအားလာဖမ်းသည့် ရဲအရာရှိများကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်
အောက်တိုဘာ 25, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဘရာဇီးနိုင်ငံတွင် နိုင်ငံရေးသမားတစ်ဦးက ရီယိုဒီဂျနေရိုပြည်နယ်ရှိ နေအိမ်တွင် ၎င်းအား လာရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့အရာရှိများကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

လက်ယာစွန်းရောက်သမ္မတ ဘိုလ်ဆွန်နာရို၏ မဟာမိတ်တစ်ဦးဖြစ်သူ ရောဘတ်တို ဂျက်ဖာဆန်က အောက်တိုဘာလ (၂၃) ရက်နေ့တွင် ရဲတပ်ဖွဲ့က ၎င်းအား ဖမ်းဆီးရန်ကြိုးပမ်းစဥ် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ရဲအရာရှိ (၂) ဦး ဒဏ်ရာရခဲ့ပြီးနောက်ပိုင်း ဂျက်ဖာဆန်က အဖမ်းခံခဲ့သည်။ 

တရားသူကြီးချုပ် ကာမန်လူစီယာကို စော်ကားမှုနှင့် ဆက်စပ်၍ ၎င်းကို ဖမ်းဆီးရန် တရားရုံးချုပ်က အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

 ဂျက်ဖာဆန်မှာ တရားသူကြီးချုပ်ကို ခြိမ်းခြောက်မှုအတွက် ယခင်ကတည်းက နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသူလည်း ဖြစ်သည်။ 

သမ္မတဘိုလ်ဆွန်နာရိုက ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ကို ပစ်ခတ်သူများအား ဖမ်းဆီးသင့်ကြောင်း တုံ့ပြန်ခဲ့သည်။

ပြည်နယ်မြို့တော် ရီယိုဒီဂျနေရိုမြို့၏ မြောက်ဘက်ရှိ Levy Gasparian နယ်မြေတွင် ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုအတွင်း ရဲအရာရှိ (၂) ဦးမှာ ဗုံးစများ ထိမှန်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့ပြီးနောက် ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ဆေးရုံဆင်းနိုင်ခဲ့ပြီဟု ဆိုသည်။ 

PTB နိုင်ငံရေးပါတီ၏ ခေါင်းဆောင်ဟောင်းဖြစ်ပြီး အသက် (၆၉) နှစ်အရွယ် ဂျက်ဖာဆန်က ၎င်းအား လာရောက်ဖမ်းဆီးသည့် ရဲအရာရှိများကို ရိုင်ဖယ်သေနတ်ဖြင့်လည်း အချက်ရေအများအပြား ပစ်ခတ်ခဲ့ရာ ရဲတပ်ဖွဲ့ကားကို ထိမှန်ခဲ့ကြောင်း သိရသည်။

နေအိမ်အကျယ်ချုပ်ထိန်းသိမ်းမှု၏ သတ်မှတ်ချက်များကို ချိုးဖောက်ခဲ့မှုဖြင့် ဂျက်ဖာဆန်ကို ဖမ်းဆီးထိန်းသိမ်းရန် တရားရုံးချုပ် တရားသူကြီး Alexandre de Moraes က အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ဘရာဇီးတွင် လာမည့် အောက်တိုဘာလ (၃၀) ရက်နေ့ သမ္မတရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးတင်းမာမှုများ မြင့်တက်နေသည်ဟု ဆိုသည်။ 

သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဘိုလ်ဆွန်နာရိုနှင့် လက်ဝဲဝါဒီ လူးဝစ်အင်နာစီယို လူလာဒါဆေးလ်ဗားတို့ ဒုတိယအကျော့ ယှဥ်ပြိုင်ရမည် ဖြစ်သည်။

Source: BBC

Photo: REUTERS/Ricardo Moraes,